05

2.9K 405 9
                                    

[Unicode]

ကျွန်တော် ထွက်သွားတော့ စိတ်ပညာဌာနကို သေချာပေါက် သွားဖို့ ဆရာဝန်က သတိပေးတယ်။ စီနီယာဒေါက်တာကျန်းက မနေ့ကမှ တရုတ်ပြည်ကို ပြန်ရောက်လာတာဖြစ်ပြီး သူက နောက်နှစ်ရက်လောက်ပဲ အချိန်ရတာမို့ ကျွန်တော်သာ နောက်ကျသွားရင် ရက်ချိန်းမရတော့မှာ ဖြစ်တဲ့အကြောင်း အသိပေးတယ်။

လောလောဆယ် ဘာမှ ထွေထွေထူးထူး လုပ်စရာမရှိတာမို့ ပြီးတာနဲ့ပဲ ၇လွှာပေါ် တက်သွားလိုက်တယ်။ အဲဒီမှာ စိတ်ရောဂါကုသမှုနဲ့ စိတ်ပညာဌာန ရှိပါတယ်။

ကျွန်တော့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစုံတရာမရှိဘူးလို့ ထင်ပေမဲ့လည်း တယောက်ယောက်နဲ့ စကားလက်ဆုံကျကြည့်တာကတော့ မကောင်းတာမျိုး မဟုတ်ဘူးမလား။

ချီရှူးက ကျွန်တော်နဲ့ စကားလက်ဆုံကျဖူးတာမျိုး မရှိဘူးလေ။

ပြီးတော့ ရွှီရှင်ကျယ်ကလည်း သူ့စာနဲ့သူ အလုပ်ရှုပ်နေတတ်တာမို့ သွားနှောင့်ယှက်ဖို့ရာ မစွမ်းသာခဲ့ပါဘူး။


အခန်းထဲကို ရောက်တော့ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးလူတယောက်က နောက်ကျောပေးထားတာကို တွေ့ရတယ်။ သေသေသပ်သပ် ဖီးလိမ်းထားပြီး နက်မှောင်တဲ့ ဆံပင်၊

သန့်ရှင်းသပ်ရပ်တဲ့ ဂျူတီကုတ် အောက်က ဘောင်းဘီရှည်တလျှောက် ခြေတံရှည်ရှည်တို့က နေရာယူထားတယ်။ သူ စီးထားတဲ့ လယ်သာရှူးဖိနပ်က ဖုန်တစက် မရှိ ကင်းစင်နေပြီး မသိရင် ဆိုင်ကနေ အခုမှ ယူထားတဲ့အတိုင်း။

စီနီယာဒေါက်တာကျန်းက... အရမ်း ငယ်ရွယ်နေတဲ့ပုံ ပေါက်မနေဘူးလား။

တံခါးဘောင်ကို ခေါက်လိုက်ပြီး မဝံ့မရဲ မေးလိုက်တယ်။

"တဆိတ်လောက်ခင်ဗျ... ဒေါက်တာကျန်း ရှိပါသလား"

အဆိုပါ အမျိုးသားက ဒီဘက်ကို လှည့်လာတယ်။ ပထမတော့ သူ့ရဲ့ ရွှေကိုင်းမျက်မှန်အပါး၊ ပြီးတော့ ပြေပြစ်တဲ့ နဖူးနဲ့ နှာတံမြင့်မြင့်။

မျက်မှန်အောက်က မျက်ဝန်းတွေက နက်နဲပြီး ကျဉ်းမြောင်းတယ်။ မျက်တောင်မွှေးက ကော့ညွှတ်နေပြီး မျက်လုံးထောင့်က မဆိုစလောက်လေး မြင့်တက်နေတယ်။ တကယ့်ကို လှတဲ့ မျက်ဝန်းတစုံပါပဲ။

နွမ်းလျရွက်ဝါWhere stories live. Discover now