ပထမတော့ သူက ကျွန်တော့ကို ဆူတယ်၊ ကိုယ့်ကျန်းမာရေးကိုယ် သေချာ ဂရုမစိုက်လို့ တဲ့။ နောက်တော့ ကျိုးချန်ကို၊ သူ့ကို ချက်ချင်း မဆက်သွယ်လို့တဲ့လေ။

ပြီးတော့ ချီရှူးကို နာရီဝက်လောက် ထိုင်ဆဲပါတော့တယ်။

ကျိုးချန်မှာတော့ ရယ်ရမလို ငိုရမလို။ သူက ကျွန်တော်တို့ကို စကားပြောဖို့ လွှတ်ထားပေးခဲ့ပြီး အလုပ်ကိစ္စတွေ လုပ်စရာရှိသေးလို့ ဆိုကာ စာကြည့်ခန်းထဲ လိမ္မော်ရည် တခွက် ယူသွားရင်း ပြန်ဝင်သွားတယ်။

ကျိုးချန် စာကြည့်ခန်းထဲ ရောက်ရောက်ချင်းပဲကို ရွှီရှင်ကျယ်က လေသံတိုးတိုးနဲ့ ပြောတယ်။

"အဲဒီ ချီမိသားစုက အခုတလော ဖရိုဖရဲတွေ ဖြစ်နေတာ မင်းသိလား"

ကျွန်တော် မသိဘူး။ ပြီးတော့ မသိချင်ဘူး။

ဒါပေမဲ့လည်း ရွှီရှင်ကျယ်ရဲ့ ချုပ်တည်းထားတဲ့ ပုံစံကို ကြည့်ပြီး ကျွန်တော် ဆက်မေးလိုက်ပါတယ်။

"ဘာဖြစ်လို့လဲ"

"အရင်ဆုံး ချီရှူးရဲ့ ကုမ္ပဏီက ပြဿနာတက်တယ်။ အသေးစိတ်ကိုတော့ ငါလည်း မသိဘူး။ သူနဲ့ သူ့အဖိုးနဲ့ စကားများကြတယ် တဲ့။ လူသိရှင်ကြားပဲ။ ပြီးတော့..."

ရွှီရှင်ကျယ်က စကားဆက်မပြောခင် လှေကားဘက်ကို ကြည့်လိုက်ပြီးတော့...

"အဖိုးကြီးချီက သူ့ ကုမ္ပဏီတွေက ရှယ်ယာတွေကို အစ်ကိုချန်ကို ပေးမယ် ပြောတယ်။ ဒါပေမဲ့လည်း အစ်ကိုချန်ရဲ့ မျိုးရိုးက 'ကျိုး'လေ၊ 'ချီ'မှ မဟုတ်တာ။ အဲ့တော့ ချီမိသားစုက ဘယ်လိုလုပ် သဘောတူမှာလဲ။"

"ပြီးတော့လည်း အစ်ကိုချန်က ဒါတွေကို လိုအပ်နေတဲ့လူမှ မဟုတ်တာ။ ငါ့အထင် အဖိုးကြီးချန်က ချီရှူးကို တမင်လုပ်တယ် ထင်တာပဲ"

"တိုတိုပြောရရင်ကွာ ဒီကာလအတွင်း တော်တော် ပွဲဆူသွားတာ။ သူတို့တတွေ တွေ့လိုက်ချိန်တိုင်း ကျားနဲ့ဆင် လယ်မှာတွေ့သလိုပဲ၊ ထိန်းမနိုင် သိမ်းမရ။ မင်းကို အစ်ကိုချန် မပြောပြဘူးလား"

ဟင့်အင်း... သူ နေ့တိုင်း အပြင်ထွက်ပြီး ပြန်လာတိုင်း ဘာမှ မထူးခြားသလိုပဲ။

နွမ်းလျရွက်ဝါWhere stories live. Discover now