Chapter-31

118K 9K 3.5K
                                    

ဦးမြတ်ထင်လင်းတစ်ယောက် နံနက်စာစားပြီးနောက်တွင် သူအနှစ်သက်ဆုံးသော ကောက်ညှင်းမွှေးလက်ဖက်ခြောက်စိမ်ထားသည့် ရေနွေးကြမ်းကိုအရသာခံသောက်ရင်း ခံတွင်းရှင်းနေ၏။ ကောက်ညှင်းမွှေး၏ချိုအီသောရနံ့နှင့် လက်ဖက်ခြောက်၏ ဖန်ခါးသောအရသာတို့၏တွဲစပ်မှုက လွန်စွာလိုက်ဖက်မှုရှိလှသည်။ သူ့လို အစာစားပြီးတိုင်း ရေနွေးကြမ်းမသောက်မဖြစ်သည့်သူများအနေနှင့်တော့ ထိုအနံ့နှင့်အရသာဟာ စွဲလမ်းမှုတစ်ခုကိုပင် ဖြစ်စေနိုင်ပါ၏။

မိသားစုလေးယောက်ရှိသော်ငြား နံနက်စာထမင်းဝိုင်းတွင်တော့ သူနှင့် သူ့ဇနီးသာရှိသည်။ ဦးမြတ်ထင်လင်း၏အကြည့်တို့ဟာ သူ့ဘယ်ဘက်ခြမ်းမှဇနီးသည်ထံသို့ရောက်သွား၏။ သို့သော် စက္ကန့်ဝက်၏ လေးပုံတစ်ပုံအတွင်း၌ပင် အကြည့်ကိုပြန်လွှဲလိုက်မိသည်။

သူ သည်မိန်းမကို ကြာကြာမကြည့်နိုင်ပါ။ တစ်မိနစ်ထက်ပိုကြည့်မိပါက နေရာ၌ပင်တရားရပြီး တောထွက်ချင်စိတ်ပေါက်လာသလို ခံစားရသည်မို့ပင်။

“ရှင့်ဘာသာ ရေနွေးကြမ်းသောက်ပြီးရင် မြန်မြန်အလုပ်သွားစမ်းပါ၊ ကျွန်မကိုကြည့်ပြီး ချက်ချင်းတောထွက်ချင်စိတ်ပေါက်လာရင်တောင် ရှင့်လိုလောဘအိုးက ဘယ်တော့မှ တရားရလာမှာမဟုတ်ဘူး၊ စကားမစပ် ရှင့်ဘာသာ စိတ်ဝင်စားစား၊ မစားစား သတိလေးဘာလေးပေးလိုက်ဦးမယ်၊ မနေ့က ဘိုးတော်ဟောလိုက်တာ ရှင်ဒီရက်တွေထဲကံနိမ့်နေတယ်တဲ့၊ အဲ့ဒါ သတိလေးလည်းထားဦး”

ထိုစကားတို့အဆုံး ဦးမြတ်ထင်လင်း မျက်ဖြူလန်လိုက်မိသည်အထိ ဖြစ်သွား၏။ သို့သော် သူ့ဇနီး၏ပုံစံကတော့ တည်တည်ငြိမ်ငြိမ်ပင်။ အပေါ်အောက် ယောဂီဝတ်စုံကိုဝတ်ဆင်ထားပြီး မီးခိုးရောင်သန်းနေသည့်ဆံပင်ရှည်တို့ကို နောက်တွင်စုထုံးထားလျက် ခန္ဓာကိုယ်ထက် မည်သည့်ရတနာအဆင်တန်ဆာတို့ကိုမှ ဆင်ယင်ထားခြင်းမရှိ။ မျက်နှာထက်၌လည်း မည်သည့်အရာကိုမှလိမ်းကျံထားခြင်းမရှိပေ။

ချောမောလှပသည့် အမျိုးသမီးတစ်ယောက်မဟုတ်သည့်တိုင် အသက်အရွယ်နှင့်လိုက်ဖက်အောင် ရိုးရိုးရှင်းရှင်းဆင်ယင်ထားသည်မို့ သူ့ဟာနှင့်သူတော့ ကျက်သရေရှိကာကြည့်လို့ကောင်းနေ၏။ သို့ပေသည့် ဦးမြတ်ထင်လင်းကတော့ ထိုပုံစံအားကြည့်ကာ ရေနွေးသောက်နေရင်းမှ နှုတ်ခမ်းကို မသိမသာမဲ့လိုက်သည်။

I bet you love me. [Completed]Where stories live. Discover now