Chapter-22

101K 8.8K 2.5K
                                    

“သူစိမ်းမဟုတ်ရအောင် ဆက်ခံသူသခင်လေးနဲ့ ကျွန်တော်တို့က သိဖူးလို့လား”

စိမ်းသက်လွန်းသည့်မျက်ဝန်းအကြည့်တို့နှင့်အတူ ထိုအေးစက်ပြတ်သားသောစကားသံအဆုံး ကိန်း ရင်ထဲမှဆို့တက်လာသောခံစားချက်တို့ကြောင့် ချက်ချင်းလည်းခွန်းတုံ့မပြန်နိုင်ပါသလို နားတွေပင်အူတက်လာသည်အထိ။

ယခု သူခံစားနေရသော ခံစားချက်တို့သည် နှုတ်မှထုတ်ဖော်ပြော၍ပင် စကားလုံးရှာမတွေ့နိုင်သည့်အလား။ မျှော်လင့်ချက်များအားလုံး သဲထဲရေသွန်ဖြစ်သွားပါသလိုခံစားနေရရင်း မိမိရှေ့မှ သူစိမ်းဆန်လွန်းသော မျက်ဝန်းအစုံအားစိုက်ကြည့်မိကာ အားတင်းရင်း ပြောလိုက်မိသည်။

“Sorry... မင်းနဲ့ ကိုယ့်မိတ်ဆွေတစ်ယောက်နဲ့က ရုပ်ချင်းဆင်နေလို့ မှားသွားတာထင်တယ်”

ပြောလိုက်တော့ စိမ်းပြာရောင်မျက်ဝန်းတို့အထက်မှ မျက်ခုံးတန်းသွယ်တို့ဟာ ပိုလို့စုကျုံ့သွားကြသယောင်။

“ရုပ်ချင်းဆင်လို့ မှားသွားတာ? ... ခူးခူးကပါ ဆင်တာလား”

သိချင်သည့်ဟန်ဖြင့်ပြန်မေးလာသည့်စကားတို့က သူ့နှလုံးသားအား အပ်သေးသေးလေးများဖြင့် စိုက်ထိုးလာကြသည့်နှယ်။

“ဟုတ်တယ် သူ့ခွေးလေးနာမည်ကလည်း ခူးခူးပဲ၊ ပြီးတော့ ဒီလိုအဖြူလေးပဲ၊ ကိုယ်သူ့ကို မွေးနေ့လက်ဆောင်ပေးထားတာ”

“ဪ ဒါဆိုရင် သခင်လေး တကယ်ပဲလူမှားနေတာပါ၊ ခွင့်ပြုပါဦး”

ပြောပြီးသည်နှင့် လှည့်ထွက်ဟန်ပြင်လိုက်သူကြောင့် ကိန်း အလျင်စလို စန္ဒကူးရနံ့တို့အားထုတ်လွှတ်မိလျက် ခန္ဓာကိုယ်တစ်ခုလုံးအား ထွေးပွေ့စေလိုက်မိသည်။ ထိုအခါ အလိုမကျသည့်မျက်နှာဖြင့် ချက်ချင်းပြန်လှည့်လာသူ။

“ဒါက ဘာသဘောပါလဲ”

ကိန်းလည်း ထိုမျက်နှာပေးနှင့် လေသံကြောင့် စိတ်နည်းနည်းတိုလာရ၏။ ‘မေ့ရက်တယ်’ဟူသည့်အတွေးတို့ကကြီးစိုးလာလေလေ၊ Dominant Alpha တစ်ယောက်၏ ပိုင်စိုးပိုင်နင်းဆန်သောသဘာဝနှင့် ဒေါသကြီးလွယ်သောသဘာဝက သူမည်မျှပင်ချွန်းအုပ်ထားပါစေ ပေါ်ထွက်လာတော့သည်သာ။

I bet you love me. [Completed]Where stories live. Discover now