Chapter-18

108K 9.2K 3K
                                    

သည်နေ့တွင်တော့ တော်ဝင်စံအိမ်မှသက်တော်စောင့်များအားလုံး သတိအနေအထားဖြစ်နေကြ၏။ အကြောင်းမှာ လပြည့်နေ့ဖြစ်သည်မို့ တော်ဝင်မိသားစုတစ်ခုလုံး ပွဲတော်များကိုဆင်နွှဲကြမည်ဖြစ်သောကြောင့်ပင်။

ပွဲတော်ရက်ဖြစ်သည်မို့ တာဝန်ကျသည့်ဝန်ထမ်းများမှလွဲ၍ အခြားသောဝန်ထမ်းများသည်လည်း နားရက်ရကြပြီး လည်ပတ်ခွင့်ရကြသည်။ သည်နေ့တွင်တာဝန်ကျသောဝန်ထမ်းများမှာလည်း နက်ဖြန်တွင်တော့နားရက်ရပြီး လည်ပတ်ခွင့်ရကြမည်သာပင်။

အားလုံးထဲတွင် စိတ်အပူဆုံးဖြစ်နေကြသူများကတော့ ဆက်ခံသူသခင်လေး၏ သက်တော်စောင့်များဖြစ်၏။ သူတို့၏သခင်လေးက သည်နှစ်တွင် ယခင်နှစ်များနှင့်မတူဘဲ မိသားစုနှင့်အတူမလိုက်ဟူ၍ နှုတ်မိန့်ထုတ်လာခဲ့သည်မို့ သူတို့အနေနှင့် မည်သူနှင့်အတူ ပွဲတော်ကိုဆင်နွှဲမည်ဆိုတာကို ချက်ချင်းသိလိုက်ကြသည်။

ထိုအကြောင်းကို ပင်မစံအိမ်ဆီအကြောင်းကြားသည့်အခါ၌လည်း အကုန်အံ့ဩကုန်ကြသော်ငြား ဘာကြောင့်ဆိုသည်ကို မည်သူမှထုတ်မမေးကြ။ ထုတ်မေးကြလျှင်လည်း သူတို့တွင် ဖြေခွင့်မရှိပါချေ။ အိမ်တော်၏စည်းမျဉ်းတွေအရ မိမိတို့ခစားရသောသခင်၏အတွင်းရေးကိစ္စများကို စံအိမ်အရှင်သခင်မှမေးလျှင်တောင် ဖြေခွင့်မရှိပေ။

ထို့ပြင် မိမိတို့သခင်လေးက ဆက်ခံသူဖြစ်နေသည်ဆိုတော့ ပို၍ပင်နှုတ်လုံရပါ၏။ သို့ပေသည့် သခင်ကြီးရော၊ ကြင်ယာတော်ရောကပါ မည်သည့်မေးခွန်းမှမေးလာခြင်းမရှိပါချေ။ ယခင်ကဲ့သို့ အငယ်ဆုံးသခင်လေးတစ်ယောက်အနေနှင့်ဆိုလျှင် အနည်းငယ်မေးမြန်းခြင်းတော့ရှိမည်ဖြစ်သော်ငြား ယခုအချိန်တွင်တော့ ဆက်ခံသူတစ်ယောက်ဖြစ်နေပြီမို့ မိမိ၏ကိုယ်ရေးကိုယ်တာကိစ္စများ၊ တာဝန်များနှင့်ပတ်သက်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်တို့အား ချမှတ်ခွင့်ရှိနေပြီဖြစ်သည်။

"ငါတို့သခင်လေးကနော် သူ့သူငယ်ချင်းကိုတောင် ဒီလောက်ဂရုစိုက်နေတာ၊ ကြင်ယာတော်သာရလာရင် သခင်ကြီးထက်တောင် သူ့ကြင်ယာတော်ကို ပိုသည်းသည်းလှုပ်မလားမသိဘူး"

I bet you love me. [Completed]Where stories live. Discover now