Chapter-25

111K 8.3K 4.1K
                                    

ကိန်း ဈာန့်တိုက်ခန်းရှေ့သို့ရောက်သွားသည့်အချိန်၌ မျက်နှာထက်ရှိအလိုမကျဖြစ်နေမှုများအားလုံးက ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားကြပြီး ပုံမှန်အတိုင်းဖြစ်သွားသည်။ သူ့ပုံစံက ကြက်သွေးရောင်ရှပ်အင်္ကျီလက်ရှည်ကို လက်ဖျံတစ်ဝက်ထိခေါက်ထားကာ ကြယ်သီးတစ်လုံးဖြုတ်ဝတ်ထားပြီး ခဲရောင် Pants နှင့်တွဲဝတ်ထားသည်။ လက်ကောက်ဝတ်မှနာရီကတော့ မနက်ကဝတ်ခဲ့သည့်နာရီနှင့်အတူတူပင်။

သူက တိုက်ခန်းရှေ့သို့ရောက်သည်နှင့် တွေဝေခြင်းမရှိဘဲ Bell တီးလိုက်၏။ သူ့စိတ်တွင်းတွင်တော့ အယ်လ်ဖာတို့၏ ရန်လိုတတ်သောစရိုက်က အနည်းငယ်ကြီးစိုးနေသည်။ ရန်လိုသည်ဆိုသည်မှာ ဈာန့်ကိုတော့မဟုတ်။ သူက ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် ဈာန့်ကိုအမြဲယုံကြည်နေမည့်သူဖြစ်၏။ သို့ပေသည့် ဈာန့်ဘေးမှ သတ္တဝါများတော့ မပါပါချေ။

ဘဲလ်ကိုနှစ်ချက်တီးပြီးနောက် စိတ်ကိုအနည်းငယ်ရှည်ရှည်ထားကာ စောင့်နေလိုက်သည်။ အတွင်းမှကြည့်သည့် ကင်မရာစခရင်ကိုကြည့်လျှင်တော့ ဈာန် သူ့ကိုမြင်ပြီး အနည်းငယ်အံ့ဩသွားလောက်ပါ၏။ အတူရှိနေသည့် သတ္တဝါလည်း သေချာပေါက်အံ့ဩသွားနိုင်သည်ပင်။

တီခနဲတံခါးပွင့်လာပြီးနောက်တွင်တော့ သူ့ရှေ့မှတံခါးက အတွင်းဘက်မှဆွဲဖွင့်ခြင်းကိုခံလိုက်ရတော့သည်။ တံခါးပွင့်သွားပြီးနောက် ပေါ်လာသည်က အနည်းငယ်ထူးဆန်းနေဟန်ရသည့် ဈာန့်မျက်နှာ။

"သခင်လေးက ဘယ်လိုလုပ်... "

"တိုက်ဆိုင်လိုက်တာ၊ ဒါက မင်းတိုက်ခန်းလား"

"???"

ကိန်းက အံ့ဩဟန်အပြည့်ဖြင့်မေးလိုက်ခြင်းဖြစ်သည်မို့ ဈာန်လည်း ကနဦးထူးဆန်းနေရာမှ ပိုလို့ပင်ကြောင်သွားရ၏။

"ဟုတ်ပါတယ်၊ ဒါ ကျွန်တော့်တိုက်ခန်းပါ၊ သခင်လေး တိုက်ခန်းမှားလာတာလား"

ထိုစဉ်တွင် ဈာန့်နောက်မှ အသံတစ်ခုထွက်လာသည်။

"ဘယ်သူလာတာမလို့ အဲ့လောက်ကြာ..."

အသံနှင့်အတူ လူပါထွက်လာခြင်းဖြစ်ပြီး ထိုသူက တံခါးဝမှကိန်းကိုမြင်လိုက်သည်နှင့် မျက်လုံးပြူးသွားရုံသာမက စကားသံကပါ တစ်ဝက်တပြတ်ဖြစ်သွား၏။ ကိန်းက ထိုသူ့ထံသို့ စူးခနဲအကြည့်တစ်ချက်ပေးလိုက်ပြီးနောက် ဈာန့်ကိုပြန်ကြည့်လိုက်တော့ မျက်ဝန်းတို့က ပြန်လည်နူးညံ့သွားသည်မှာ သိသိသာသာ။

I bet you love me. [Completed]Where stories live. Discover now