Part 36

526 33 0
                                    

Unicode

ဖြစ်ခဲ့သမျှ အရာအားလုံး ဘာမှမဖြစ်ခဲ့သလိုမျိုး နေ့တစ်နေ့၏ မနက်ခင်းသည် အကောင်းပကတိအတိုင်း ကြည်လင်နေသည်။ မိုးကောင်းကင်ကြီးကလည်း မနေ့ညက သည်းကြီးမည်းကြီး ရွာကျခဲ့ခြင်းမှာ သူမဟုတ်ခဲ့သလိုမျိုး ဟန်ဆောင်ကောင်းလွန်း၏။

သည်နေ့ မနက်ခင်းကို အရင်နေ့ရက်တွေလိုမျိုး မဟုတ်ဘဲ နွေးထွေးသလိုမျိုုး မညင်သာသည့် ရင်ခုန်သံနှင့် ကျွန်တော်နိုးထလာခဲ့ရသည်။ မျက်လုံးနှစ်လုံးပွင့်သည်နှင့် ဘေးနားကို စောင်းငဲ့ကြည့်လိုက်တော့ အေးစက်နေသည့် အိပ်ရာခင်းနှင့် လွတ်နေသည့် နေရာလွတ်ကြောင့် အရူးတစ်ယောက်လိုမျိုး ပြုံးမိ၏။

“ဟက်… တကယ်ကြီး အိပ်မက်ပဲ”

စိတ်ပျက်သွားသလားတော့ မပြောတတ်။ နိုးထသည်နှင့် မျှော်လင့်ချက်တွေ ရိုက်ချခံလိုက်ရသည်မှာ အမှန်။ သို့သော် လက်တွေ့အမှန်တကယ်ဖြစ်သွားသလိုမျိုး ခံစားချက်များနှင့် ပူပူနွေးနွေး အနမ်းများက သက်သေပြုနေသေးသည်။

ခန္ဓာကိုယ်ဗေဒအရ သိနားလည်ထားသည့် ရင်းနှီးမှုမျိုးရှိ နာကျင်မှုတစ်စုံတစ်ရာကိုလည်း မခံစားမိ။ မှတ်ဉာဏ်များက ဝေဝါးနေပေမယ့် ကိုယ်တိုင်ကလည်း မကျူးလွန်ခဲ့ကြောင်းလည်း သေချာသည်။ တွန့်ကြေနေသည့် အိပ်ရာခင်းကတော့ ဖြစ်ရိုးဖြစ်စဉ်ပါ။

ကမ္ဘာသာ ကျွန်တော့်ဆီ ‌ရောက်လာရိုးအမှန်ဆိုလျှင် သူ့အနမ်းများကြား အိပ်ပျော်သွားခြင်းလို့ မှတ်ယူရလိမ့်မည်။

“မင်းတကယ်ရူးပါလား အလင်းထင်။ ကမ္ဘာက ဘယ်လိုလုပ်ပြီး…”

ကုတင်ပေါ်ထိုင်ကာ တစ်ယောက်တည်း ယောက်ယက်ခတ်နေပြီးနောက် အသိစိတ်ဝင်သွားအောင် ရေချိုးခန်းထဲသွား၍ မျက်နှာကို ရေအေးနှင့် သစ်ပစ်လိုက်သည်။ ကြည့်မှန်တွင် ပေါ်နေသော ကိုယ့်မျက်နှာတောင် ကိုယ်မကြည့်ချင်တော့။

ရေမိုးချိုး အဝတ်အစားလဲပြီးနောက် မနက်စာအတွက် တိုက်ခန်းအပြင်ထွက်ရန် တံခါးကို ဖွင့်ဖွင့်ချင်း နံရံကို မှီကာ ငုတ်တုပ်ထိုင်နေသော လူတစ်ယောက်။ တံခါးဖွင့်သံကြောင့် မော့ကြည့်လာသော်လည်း ချက်ချင်းပင် ခေါင်းပြန်ငုံ့သွားသည်။ 

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now