Part 35

540 36 2
                                    

Unicode

ပတ်ပတ်လည် ပန်းချီကားများသာ ရှိနေသည့် ပန်းချီပြခန်းတွင် အကြောင်းရင်းမရှိဘဲ လက်ပိုက်ကာ ငေးကြည့်နေမိသော်လည်း စိတ်အာရုံသည် ပန်းချီကားတွင် မရှိ။ ပုထုဇဉ်လူသားပေမို့ အပူအပင်များကြား တဝဲဝဲနှင့် လည်နေ၏။

“အဲ့ဒီတော့…”

“အဲ့ဒါပဲလေ…”

ကျွန်တော့် အခြေအနေနှင့် ခံစားချက်ကို ရင်ဖွင့်တိုင်ပင်စရာဆိုလို့ မြတ်ယွန်းကလွဲ၍ မရှိသည်မို့ အပူကပ်ကာ ပြောပြမိတော့ ထုံးစံအတိုင်း မြတ်ယွန်းက သက်ပြင်းချသည်။ အားမလိုအားမရဟန်က မျက်နှာတွင် အတိုင်းသားပေါ်နေ၏။

“ကမ္ဘာကရော…”

“အဲ့ဒီနေ့နောက်ပိုင်း… ကမ္ဘာနဲ့ စကားမပြောဖြစ်သေးဘူး”

“ဘာလို့ နင့်ခံစားချက်ကို အရဲစွန့်ပြီး မပြောကြည့်တာလဲ?”

“မပြောရဲဘူးဆိုတာထက် ငါ မပြောရက်ဘူး။ ကမ္ဘာနဲ့ ငါ့ကြားမှာရှိတဲ့ သံယောဇဉ်က ပါးပါးလေး… နောက်ပြီး ခက်လေးက ငါ့ရဲ့သွေးသားရင်းချာညီမလေး။ သူ ကမ္ဘာ့ကို တကယ်ချစ်နေတာ။ ဒါကြောင့်လည်း လက်ထပ်ပွဲကို မငြင်းတာပေါ့။ ညီမဖြစ်သူလက်ထပ်မယ့် သတိုးသားလောင်းကို ရည်းစားစကားသွားပြောရလောက်တဲ့အထိ ငါ မျက်နှာပြောင်မတိုက်နိုင်ဘူး”

“အဲ့လိုဆိုတော့လည်း ဟုတ်သားပဲ…”

ကျွန်တော့်ရင်ထဲရှိ မီးတောက်ပန်းချီကားသည် အရှိန်ငြီးငြီးဖြင့် အသက်ဝင်စွာ တောက်လောင်နေသည်။

ဘယ်လိုဆေးမျိုးနှင့်များ အရှိန်လျော့အောင် လုပ်နိုင်မှာလဲ…

“ဒါနဲ့ နင်ဒီကို ဘာလာလုပ်တာလဲ လင်းထင်…”

“အဲ့တာ ငါမေးသင့်တာ မဟုတ်လား? ဒါ ငါ အလုပ်, လုပ်တဲ့ ပန်းချီပြခန်းလေ”

“အဟဲ… မေ့သွားတယ်။ တစ်ခါတစ်လေတော့လည်းဟယ်… စိတ်ပင်ပန်းတဲ့အခါ ပန်းချီကားလေးတွေကို ကြည့်ပြီး အမောလာဖြေတာ”

“အခုတော့ ငါပြောတဲ့ စိတ်မောစရာတွေနဲ့ပဲ ကြုံသွားတယ်ဆိုပါတော့…”

“ဒီကိစ္စက ငါသိချင်နေတဲ့ကိစ္စမို့လို့ စိတ်မမောပါဘူး။ ဪ… နင် ပြိုင်ပွဲအတွက် ပန်းချီဆွဲပြီးသွားပြီလား”

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now