Part 6

677 46 0
                                    

Unicode

မနက်အစောပိုင်းက အုံ့ဆိုင်းနေခဲ့သော ကောင်းကင်သည် သူမဟုတ်ခဲ့သလိုမျိုး ကြည်လင်နေသည်။ သည်းကြီးမည်းကြီး ရွာသွန်းတော့မည့် အရိပ်အယောင်အား ပေးခဲ့သော လေပြည်ရိုင်းများသည်လည်း ငြိမ်သက်နေကြသည်။

မိုးဖွဲလေးများသာ ရွာသွန်းပြီး မိုးပြေးအဖြစ် စိတ်ကျေနပ်ခဲ့သော ကိုရွှေမိုးသည် ပထမဆုံးကျောင်းတက်ရမည့် နေ့ရက်မို့ သနားငဲ့ညှာပေးခဲ့လေသလား…။

ဦးလေးသည် နီရဲနေအောင် ပွင့်နေသော စိန်ပန်းနီနီများနှင့်အပြိုင် ထည်ဝါစွာ တည်ရှိနေသော ကျောင်းရှေ့တွင် ကားရပ်လိုက်သည်။ အစိမ်းရောင်ခြံစည်းရိုးနှင့် ကျယ်ဝန်းသော ကျောင်းတော်ကြီးသည် ကျွန်တော်တို့ကို စောင့်ကြိုနေ၏။

ကျောင်းသားဟောင်းဖြစ်သူ ဘုဏ်းမြတ်သည် ကားပေါ်မှ အရင်ဆုံးဆင်းသွားသော်လည်း ကမ္ဘာနှင့် ကျွန်တော်ကတော့ မဆင်းသေးဘဲ ထိုင်နေဆဲ။

“ဟေ့ကောင်တွေ… မဆင်းသေးဘူးလား။ မဟုတ်မှလွဲရော ကြောက်နေကြတာလား?”

“ကြောက်စရာလား! ဝေးသေးတယ်”

ကမ္ဘာသည် ဘုဏ်းမြတ်ကို အော်ပြောလိုက်၍ ကားပေါ်မှ ဆင်းသွားသည်။ စိတ်လှုပ်ရှားနေခြင်းကို မသိစေချင်သော ကျွန်တော်လည်း ကိုယ်ဟန်ဖို့ကာ ဆင်းလိုက်ရ၏။

“ဦးလေး သွားပြီနော်။ သား… အဖေသွားပြီ”

“ဟုတ် အဖေ…”

“ကျေးဇူးပါ ဦးလေး…”

ဘုဏ်းမြတ်ကတော့ ပြုံးရင်း ခေါင်းသာညိတ်ပြ၏။

“ဟင်း…”

ကျွန်တော့်သက်ပြင်းချသံကြောင့် နှစ်ယောက်စလုံးလှည့်ကြည့်လာကြသည်မို့ ခပ်တည်တည်ပင် မသိချင်ယောင်ဆောင်ကာ သူတို့ကို ကျော်တက်လာလိုက်သည်။ အနောက်မှ ရယ်သံများကို ကြားသော်လည်း လှည့်မကြည့်။ ဂိတ်ဝရှိ ဆရာမကို ပြုံးပြနှုတ်ဆက်ပြီး ကျောင်းဝန်းထဲအကြည့် အဆောင်များကို မြင်၍ ခြေလှမ်းများရပ်သွားရသည်။

“ဆက်သွားဦးလေ… ဘာလို့ရပ်နေတာလဲ လင်းထင်လေးရဲ့”

“မင်းရော သိလို့လား?”

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Donde viven las historias. Descúbrelo ahora