Intro

3K 137 8
                                    

Unicode

မြင်မြင်သမျှ စိမ်းသက်နေသော ပတ်ဝန်းကျင်အသစ်မှာ ရင်းနှီးခင်မင်သည့်သူ မရှိသည်မို့ ငိုမဲ့မဲ့ဟန်နှင့် ထိုင်နေသော ကလေးငယ်တစ်ယောက်... အဖြူအစိမ်းဝတ်ထားသော ကလေးငယ်များကြား ထိုကလေးငယ်တစ်ယောက်သာ အဖော်မပါဘဲ ထိုင်နေသည်မို့ အခန်းထဲတွင် ထင်ရှားနေသည်။

ထိုအချိန်တွင် ကျောင်းတက်ခေါင်းလောင်းထိုးသံက ထွက်ပေါ်လာသဖြင့် အများအပြားရှိနေသော မိဘအုပ်ထိန်းသူများက အလိုက်တသိ ပြန်ကုန်ကြပြီ။ ငိုသူများက ငိုနှင့်… တစ်ခန်းလုံးဆူညံနေသော စာသင်ခန်းထဲတွင် ပြတင်းပေါက်ဘေးနား၌ ထိုင်နေသည့် ကလေးငယ်တစ်ယောက်သာ အပြုံးများကို ဖောဖောသီသီ သုံးနေ၏။

သူ၏ မျက်လုံးဝိုင်းလေးများကမူ ငိုမဲ့မဲ့ဟန်ဖြစ်နေသည့် ကလေးငယ်ကို ငေးကြည့်နေ၍ မည်သည်ကို သဘောကျသွားသလဲမသိ။ ခြေလှမ်းတုပ်တုပ်ကလေးများနှင့် ထိုကလေးငယ်ရှိရာ အတန်းသို့ လာထိုင်သည်။

“ဘာလို့ ငိုမဲ့မဲ့ ဖစ်နေတာယဲ့”

မပီကလာ ပီကလာနှင့် လာမေးနေသော ကလေးငယ်ကို ခေါင်းခါရင်း ငြင်းပယ်လိုက်သည်မှာ ကြောက်ရွံ့နေခြင်းကြောင့် ဖြစ်လိမ့်မည်။ ထို့နောက် တဖြည်းဖြည်း နံရံရှိရာဘက်သို့ ကပ်သွား၏။ အလိုက်မသိသော ကလေးငယ်က သတိထားမိပုံမပေါ်။

“နာ့နာမယ်က ကန်ပါချမ်း… မင်းကရော”

“ကန် ပါ ချမ်း…”

“ဟုတ်ဘူး။ ကန်ပါချမ်း… ကန်ပါလုံးကြီးလေ…”

“အာ… ကမ္ဘာချမ်း”

“အင်း အင်း…”

ပါးကွက်ဝိုင်း သေးသေးလေးသာ ကွက်ထားသည့် ကမ္ဘာချမ်းဆိုသော ကလေးငယ်က ခေါင်းကို ပြုတ်ထွက်မတတ် ညိမ့်ပြ၏။ တစ်စုံတစ်ခုကို စူးစမ်းနေသယောင် နှာခေါင်းတရှုံရှုံ လုပ်ရင်း ဝလုံးဝိုင်းဝိုင်းကြီး လိမ်းထားသည့် ပါးပြင်ထံ တိုးကပ်လာပြန်သည်။

“ဟီး ဟီး… မွှေးတယ်။ မွှေးတယ်။ ကံ့ကော်ပန်း… မွှေးတယ်”

မွတ်စ်!

ညာဘက်ပါးပြင်ကို လက်တစ်ဖက်ဖြင့် အုပ်ရင်း မျက်လုံးအပြူးသား စိုက်ကြည့်နေသော ကလေးငယ်၏ နှုတ်ခမ်းအစုံသည် အံဩမှုကြောင့် အနည်းငယ် ပွင့်ဟနေသည်။ လက်သည်တရားခံကမူ မျက်လုံးဝိုင်းများကို မှေးစက်သွားသည်အထိ ပြုံးရယ်ရင်း သူ့လုပ်ရပ်ကို သဘောကျနေသည့်ဟန်။

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now