Part 13

508 31 0
                                    

Unicode

စာသင်နှစ်တစ်နှစ်၏ အတန်းတင်စာမေးပွဲကြီးသည် သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားပွဲတော် ကျင်းပသည့်ရက်များနှင့် တိုက်ဆိုင်သည့်အခါ တိုက်ဆိုင်တတ်သလို နောက်ကျချင်လည်း နောက်ကျတတ်သည်။ စောသည်ကတော့ ရှားပါးလွန်း၏။

အတန်းကြီးများ၏ ဒုက္ခတစ်ခုကတော့ အတန်းတင်စာမေးပွဲဖြေရဦးမည်ဟူသောစိတ်ကြောင့် ကောင်းကောင်းမလည်ပတ်နိုင်ခြင်းပင်။ အတန်းငယ်များကတော့ ဖြေဆိုရသည့်ဘာသာ နည်းပါးသည်မို့ လွတ်ကျွတ်သွားပြီ။

"ဟီး ဟီး ပျော်စရာကြီး!"

အိမ်ရှေ့ခန်းသို့ ရောက်သည်နှင့် ကမ္ဘာ့အသံမြူးမြူးကို ကြားလိုက်ရသည်။ ပျော်ရွှင်နေသော စိတ်အစဉ်က မျက်နှာထက်တွင် ထင်ဟပ်ကာ လန်းဆန်းနေပြန်၏။

"တော်တော်ပျော်နေတယ်ပေါ့။ ပြီးရင် စာမေးပွဲကြီးဖြေရတော့မှာနော်။ အဲ့အခါကျရင်လည်း ဒီလိုမျက်နှာလေးဖြစ်ပါစေ ငါ့မောင်..."

အိမ်ထဲ ဝင်လာသော မမေ၏ ညီမ၊ မသူက ကမ္ဘာ့ကို ခနဲ့စကားပြောလိုက်သဖြင့် ဘုဏ်းမြတ်က ရယ်၏။

"မသူကလည်းဗျာ... စာမေးပွဲအကြောင်း မပြောပါနဲ့"

"ကဲပါ... ပြင်လို့ပြီးရင် သွားကြမယ်"

"အဲ့စကားက မသူတို့ကို ပြောရမှာ။ မိန်းကလေးတွေများ ပြင်တာဆင်တာ ကြာလွန်းတယ်"

"အေးပါ။ နင် ကောင်မလေးရမှ အဲ့ကောင်မလေးကို သွားပြော"

မသူစကားကို ကမ္ဘာက ရှက်ပြုံးပြုံးကာ ငြင်းဆန်ခြင်းမရှိ။ မပြုံးနိုင်တော့သော ကျွန်တော့်မှာသာ အကြောင်းအရင်းမရှိ။

ကမ္ဘာကြောင့် ဖြစ်ပေါ်လာတတ်သည့် ခံစားချက်များသည် အမြဲလိုလို အကြောင်းရင်းမဲ့သွားသည်မို့ မထူးဆန်းတော့ချေ။

"အဟင်း... ဟင်း... တော်ပြီ။ ကလေးတွေ... သွားကြတော့။ အပြန် သိပ်မိုးမချုပ်စေနဲ့နော်"

"ဟုတ်ကဲ့ မေမေ"

ကျိုက်ခေါက်ဘုရားပွဲတော်သည် တပို့တွဲလဆန်း (၈) ရက်နေ့မှ လပြည့်ကျော် (၁) ရက်နေ့အထိ ကျင်းပလေ့ရှိသည်။ သည်နေ့က တပို့တွဲလပြည့်နေ့မို့ ကျိုက်ခေါက်ဘုရားပွဲတော် ကျင်းပသည့် ရက်များထဲမှ အစည်ကားဆုံးရက်တစ်ရက်ဖြစ်၏။

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now