Part 16

495 30 0
                                    

Unicode

“ဘာပြောလိုက်တယ်!”

အခန်းအပြင်မှ အသံကြောင့် သိမ်းလက်စ စာအုပ်များကို မသိမ်းနိုင်တော့သည့်အထိ ကျွန်တော့်စိတ်က ကမ္ဘာ့ဆီကို ရောက်သွားသည်။ ဘုဏ်းမြတ်ကို ကြည့်လိုက်တော့ ထိုစကားသံကို မကြားလိုက်သယောင်၊ ဗီရိုထဲက အဝတ်များကို ခရီးဆောင်အိတ်ထဲ ထည့်နေ၏။

“မင်းမှာ စဉ်းစားဉာဏ်မရှိဘူးလား။ ဘယ်သူရှိလို့ ဒီမှာနေမှာလဲ!”

ပြန်ဖြေလိုက်သည့် ကမ္ဘာ့အသံကို မကြားလိုက်ရပေမယ့် ကမ္ဘာ့အမေစကားသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာပြန်၏။

“အဲ့လောက် စိတ်ပူနေရင်လည်း အပြင်ထွက်ပြီး သွားကြည့်ပါလား”

“အမ်… ရွဲ့ပြီးပြောနေတာလား ဘုဏ်းမြတ်။ ငါက… မင်းပစ္စည်းတွေကို သယ်ဖို့ လာကူပေးတာလေ”

“လာကတည်းက များများစားစား ပါတာမဟုတ်ဘူး။ ပြန်တော့လည်း ဆယ်တန်းစာအုပ်တွေနဲ့…”

“အင်း… ဆယ်တန်းစာအုပ်တွေနဲ့?”

“သံယောဇဉ်တစ်ချို့ပဲ ပိုလာတာ”

မဖြေချင်ဘဲ တွေဝေနေသည်ကို ဖွင့်ဟပြောစေရန် စကားဆက်ပေးလိုက်သည့် ကိုယ့်ကိုကိုယ်သာ ကျိန်ဆဲလိုက်သည်။ ဘုဏ်းမြတ်က ခံစားချက်များကို ဖွင့်ဟပြောခြင်းအား မနှစ်သက်ချေ။

“နောက်ပြီး… မင်းစိတ်က ငါ့ဆီမှာ မရှိဘူး။ မင်းစိတ်ရှိတဲ့ နေရာကိုပဲ သွားစမ်းပါ!”

ပြောပြောဆိုဆိုနှင့် ကျွန်တော့်ဆီ ပစ်ပေါက်လိုက်သည့် အင်္ကျီကို လှမ်းဖမ်းရ၏။ သပ်ရပ်စွာ ပြန်ခေါက်ပေး၍ ကုတင်ပေါ်တင်ပြီးနောက် အခန်းတံခါးကို ညင်သာအောင် ပိတ်လိုက်သည်။ ထို့နောက် ထောင့်ချိုးအကွယ်တစ်နေရာမှ ကမ္ဘာ့အခြေအနေကို ချောင်းကြည့်မိ၏။

“စဉ်းစားဉာဏ်ရှိလို့ ကျွန်တော်ပျော်တဲ့နေရာမှာ ကျွန်တော်နေတာ… ဘဏ်မှာ ကျွန်တော့်အတွက်ဆိုပြီး အဖေစုပေးထားတဲ့ ပိုက်ဆံတွေရှိတယ်။ ချွေတာပြီး သုံးရင် ကျွန်တော်တက္ကသိုလ်တတိယနှစ် ပြီးတဲ့အထိ လုံလောက်တယ်။ နောက်ပိုင်းကို ကျွန်တော် အလုပ်, လုပ်ပြီး ကိုယ့်ဘဝကိုယ်ကျောင်းမယ်”

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now