Part 26

432 30 0
                                    

Unicode

“လင်းထင်… ဘယ်တက္ကသိုလ် တက်ဖို့စိတ်ကူးထားလဲ?”

ဧည့်ခန်းထဲကို ခဏလာရန် ခေါ်ခြင်းမှာ သည်မေးခွန်းကို မေးဖို့လား… ထိုသို့ မေးသူက အဖေမဟုတ်ဘဲ အန်တီဖြစ်နေသည်ကတော့ အနည်းငယ်ထူးဆန်းနေမိသည်။

“အာ… အောင်စာရင်းက မထွက်သေးဘူးလေ အန်တီ”

“ကိုကြီးက ယုံကြည်ချက်မရှိဘူးလား?”

ကျောပိုးအိတ်ကို ဆိုဖာပေါ်သို့ ပစ်တင်ရင်း မေးလိုက်သည့် ခက်လေး၏ စကားက အနည်းငယ်တော့ ခါးသက်သက်နိုင်လှ၏။

“ဆိုပါတော့ ခက်လေး… ကိုကြီးမှာ ယုံကြည်ချက်မရှိပါဘူး”

“လင်းထင်! လင်းထင်ရေ… ဪ… အန်တီ”

ကမ္ဘာသည် ဧည့်ခန်းထဲတွင် ထိုင်နေကြသော ကျွန်တော်တို့ကို မြင်မှ ကိုယ်ရှိန်သတ်သွားပြီး ပြုံးပြသည်။

“ဘာကိစ္စရှိလို့လဲ?”

“သမီးကလည်း”

ကမ္ဘာ၏ ခြေလှမ်းများသည် ခက်လေးစကားကြောင့် အနည်းငယ်တန့်သွား၏။ ကမ္ဘာ့ကို ကြည့်နေသည့် ခက်လေးအကြည့်က အလိုမကျမှုများ ထင်းနေသည်။

“ကိုကိုတို့ စာအုပ်ဆိုင် သွားကြမလို့။ ဘာဖြစ်လို့လဲ ခက်လေး…”

“ဘာမှမဖြစ်ဘူးလို့ ပြောရင် လိမ်ရာကျမှာပေါ့…”

ထို့နောက် ခက်လေးသည် ကျောပိုးအိတ်ကို လွယ်ကာ ခြေသံပြင်းပြင်းနှင့် ထွက်သွားသည်။ အန်တီဘက်လှည့်ကြည့်တော့ အားနာပြုံးများဖြင့်…

“သားတို့ အပြင်သွားတာ မလိုက်ရလို့နဲ့ တူပါတယ်… ဒီကလေးမလေးက သိပ်ဆိုးတာ”

“ဆယ်တန်းဆိုတော့ စာတွေလုပ်နေရတာနဲ့ စိတ်မကြည်တာလည်း ပါမယ်ထင်ပါတယ်”

“အေးကွယ်…”

“သွားမယ်လေ လင်းထင်…”

“ခဏလေး ကမ္ဘာ။ ငါ အင်္ကျီသွားလဲလိုက်ဦးမယ်”

“အင်း… ငါလည်း လိုက်ခဲ့မယ်လေ”

ပထမတော့ ငြင်းမည်ပြင်သော်လည်း ကမ္ဘာသည် ဧည့်ခန်းထဲတွင် အန်တီနှင့် နှစ်ယောက်တည်း ကျန်ခဲ့မည်ကို မလိုလားလောက်။ ခေါင်းညိတ်ပြလိုက်တော့ လေအဟုန်ဖြင့် အနားသို့ရောက်လာ၏။ ရုတ်တရက် နှာဖျားဝနားတွင် ကျီစယ်လာသော ရှန်ပူနံ့သင်းသင်းကြောင့် အလိုအလျောက် လက်သီးဆုပ်မိသည်။

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now