Part 5

763 49 0
                                    

Unicode

တစ်ရက်ပြီး တစ်ရက်၊ တစ်လပြီး တစ်လ… ပြောင်းလဲသွားသော နေ့ရက်များကို ကမ္ဘာနှင့်အတူ ဖြတ်သန်းခဲ့ရသည်။ ပြောင်းလဲသွားခြင်း မရှိသော ကျွန်တော်တို့ဘဝများကတော့ အရင်အတိုင်းပဲ တည်ရှိနေ၏။

သို့သော်…

ကောင်းကင်ပြာထက် တိမ်များကင်းစင်နေသော နွေရာသီကျောင်းပိတ်ရက်တစ်ရက်…။

ထိုနေ့မှာတော့ နားလည်ရန် နက်နဲလွန်းသည့် ကဗျာတစ်ပုဒ်နှင့်တူသော လူတစ်ယောက်သည် ကျွန်တော့်ဘဝထဲ ဝင်ရောက်လာခဲ့သည်။ ကြိုတင်သိထားခဲ့သော်လည်း အမှုမဲ့အမှတ်မဲ့မို့ မေ့လျော့သွားခဲ့၏။

“ကလင်… ကလင်… ကလင်”

ကမ္ဘာတို့အိမ်ဘက်မှ ခေါင်းလောင်းအသံကြောင့် စိတ်ထဲထူးဆန်းသွားရ၏။ မရှေးမနှောင်းဆိုသလို တက္ကစီကားတစ်စီးသည် အိမ်ရှေ့မှ ဖြတ်သွားသည်။

“သား… သားငယ်တို့ ခြံရှေ့မှာ ခေါင်းလောင်းတီးနေတာ ဘယ်သူလဲ သွားကြည့်လိုက်ဦး။ ဧည့်သည်ဆို အကျိုးအကြောင်းပြောပြပြီး ခေါ်လာခဲ့…”

“ဟုတ်… မေမေ”

ကမ္ဘာသည် နွေရာသီကျောင်းပိတ်ရက်ဖြစ်သဖြင့် ဦးလေးနှင့်အတူ အောင်ချမ်းသာရှိ အမျိုးများထံသို့ အလည်သွားနေကြသည်။ နေရာချင်း သိပ်မဝေးသော်လည်း ကမ္ဘာ့ဆို သည်းသည်းလှုပ်ချစ်သော အဒေါ်အပျိုကြီးများကြောင့် ညအိပ်သွားရသည်ဟု ကမ္ဘာပြောပြဖူး၏။

“ကလင်… ကလင်… ကလင်… ကလင်…”

ခေါင်းလောင်းတီးသံက အဆက်မပြတ်ထွက်ပေါ်လာသဖြင့် ထိုလူ စိတ်မရှည်တော့ကြောင်း ကောက်ချက်ချမိသည်။ ခြံတံခါးဖွင့်ရင်း လှမ်းကြည့်မိတော့ လူငယ်တစ်ယောက်၏ အသွင်အပြင်ကို မြင်လိုက်ရသည်။ သို့သော် ခြံစည်းရိုးအစွန်းနားတွင် စိုက်ထားသော ရွက်လှပင်များနှင့် မျက်နှာကို ကွယ်နေသောကြောင့် ကောင်းစွာမမြင်ရချေ။

“ဒီမှာ!”

လည်ပြန်လှည့်ကြည့်လာသောအခါ အကြည့်စူးစူးများကို ပိုင်ဆိုင်ထားသည့် မျက်ဝန်းကို ရှင်းလင်းစွာ မြင်ရသည်။ ပြတ်တောက်သွားစေသည့် စူးရှမှုမျိုး မဟုတ်ဘဲ လူတစ်ယောက်၏ အတွင်းစိတ်ကို ထိုးဖောက်ဝင်ရောက်နိုင်သည့် စူးရှမှုမျိုးဖြစ်သဖြင့် ထိုမျက်ဝန်းထဲ အတန်ကြာနစ်မြောသွားမိ၏။

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now