Part 21

517 36 0
                                    

Unicode

ကြီးမားသော ခြံဝန်းထဲရှိ နှစ်ထပ်တိုက်အိမ်တစ်လုံးက ကျွန်တော့်ကို ကြည့်ကာ လှောင်ပြောင်နေသလို ခံစားနေရသည်။ ဘေးပတ်လည်တွင် သစ်ပင်ပန်းပင်များ ဝန်းရံကာ အေးချမ်းနေသော်လည်း တစ်ယောက်တည်းဟူသော ခံစားချက်က ခြောက်လှန့်နေဆဲမို့ ထိုအေးချမ်းမှုက နှလုံးသားကို မဝင်ရောက်နိုင်။

“သား… အိမ်ထဲ ဝင်လေ”

“ဟုတ်ကဲ့…”

အိမ်ထဲသို့ ဝင်လိုက်သောအခါ ခမ်းနားခြင်းဟူသော အရှိန်အဝါကို ခံစားလိုက်ရသည်။ တလက်လက် တောက်ပြောင်နေသော ကြမ်းခင်းသည် ကျွန်တော့်ကို ချနင်းစေဖို့ ခွင့်ပြုပါ့မလားဟုတောင် သံသယဝင်မိ၏။ ချနင်းလိုက်သော ခြေလှမ်းတိုင်းမှာ ဖိအားတစ်စုံတစ်ရာက လေးလေးပင်ပင်နှင့် ငြိတွယ်လာသည်။

အိမ်အပြင်အဆင်က ငေးမောချင်စရာကောင်းပေမယ့် ကျွန်တော့်အတွက် စိမ်းသက်နေသည်မို့ စိတ်ရှုပ်ထွေးနေသည်ကတော့ အမှန်။

ဧည့်ခန်းထဲသို့ ရောက်သောအခါ ကျွန်တော့်ကို မြင်သဖြင့် မတ်တတ်ရပ်လိုက်သော မြန်မာဆန်ဆန်နှင့်အမျိုးသမီးက အပြုံးလှလှနှင့် ကြိုဆိုသည်။ ဘေးမှာ ထိုင်နေသော ကောင်မလေးကတော့ ဖုန်းတွင်သာ အာရုံရှိ၏။

“သား… ဒါက အဖေ့ဇနီး ဒေါ်နွယ်သွန်း၊ ဒီဘက်ကတော့ သားညီမလေး ခက်လင်းနွယ်… သားထက် တစ်နှစ်ငယ်တယ်။ သားညီမလေးကို စောင့်ရှောက်ပေးပါ”

“ဟုတ်ကဲ့…”

“ခက်လေး… သမီးလည်း အစ်ကိုဖြစ်သူကို အနိုင်ယူပြီး ဆိုးမယ်မစဉ်းစားနဲ့။ ကိုကြီးမသိတာရှိရင် ပြောပြပေး…”

ညီမဖြစ်သူ၏ အကြည့်တစ်ချက်က မျက်လုံးလေးပင့်ကာ ရောက်လာပေမယ့် ချက်ချင်းပင်အကြည့်လွဲသွားသည်။ ကျွန်တော့်ကို သဘောကျပုံမပေါ်သည့် ထိုအပြုအမူအတွက် ငြိုငြင်ရန် အကြောင်းပြချက်မရှိပါ။

“သားလေးက လူချောလေးပဲ… ဒီအိမ်မှာနေရတာ နည်းနည်းတော့ စိမ်းနေပေမယ့် နေသားကျသွားမှာပါ။ အန်တီ့ကိုလည်း အမေတစ်ယောက်လို သဘောထားနိုင်တယ်နော်”

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Unde poveștirile trăiesc. Descoperă acum