Part 15

548 31 0
                                    

Unicode

သည်နှစ်နွေဦးသည် အကြိမ်ကြိမ် လည်ပတ်ခဲ့ဖူးသော နွေရာသီတို့ထက် ခြောက်သွေ့လွန်းနေသည်။ ထိုခြောက်သွေ့ခြင်း၏ နောက်သို့ ပူပြင်းခြင်းကလည်း ကပ်လျက်သား လိုက်ပါလာပြန်သည်။ သို့သော် နွေရာသီ၏ အပူကို မိုးရာသီ၏ ရေစင်တို့က ပတ်ဖြန်းကာ အေးချမ်းစေနိုင်၏။

သည်လိုဆို…

တစ်ယောက်သောသူအတွက် ဖြစ်တည်နေသည့် ကျွန်တော့်ရင်ထဲက အပူမီးကိုရော…။

ခေါင်းခါရင်းဖြင့် အတွေးများကို လွင့်ထွက်စေကာ ခြေလှမ်းသွက်သွက်များဖြင့် ကမ္ဘာတို့ခြံထဲဝင်လိုက်သည်နှင့် အိမ်ရှေ့ကွက်လပ်တွင် လူများကလည်း ဟိုတစ်စု သည်တစ်စု…

အမိုးပြင်တစ်ခုအောက်ရှိ ကုတင်ပေါ်တွင် ပိတ်စဖြင့် ဖုံးလွှမ်းထားသော တစ်စုံတစ်ခုကလည်း ရှိနေပြန်သည်။ ဘေးနားတွင်ကား ပန်းများဖြင့် အလှဆင်ထား၏။

“ဪ… သား... စားပွဲဝိုင်းကိစ္စက အဆင်ပြေလား?”

“ဟုတ်… အကုန်လုံးကို နာရေးကူညီမှုအသင်းက ငှားမယ်တဲ့…”

“ဒါဖြင့် သားကမ္ဘာဆီ သွားလိုက်ဦး… မနက်ကတည်းက ထမင်းမစားရသေးဘူး။ ချော့ကျွေးလို့ အဆင်ပြေရင် မေမေ့ဆီလာခဲ့။ ခူးပေးမယ်… ဟယ်… ဒီကလေး… ဘာလို့ရပ်နေသေးတာလဲ။ မေမေပြောတာတွေ ကြားတယ်မလား? ဟင်း… အခု သားငယ်ဘေးမှာ ဘယ်သူမှမရှိဘူး။ သားက သူ့ကို မနှစ်သိမ့်ပေးရင် ဘယ်သူနှစ်သိမ့်ပေးမှာလဲကွယ်”

မေမေသည် အိမ်ပေါ်သို့ မတက်သေးဘဲ ရပ်နေသော ကျွန်တော့်ကို စကားအများကြီး ပြောလာသည်။ အမှန်တော့ မေမေပြောသည့်စကားများကို ကြားပါသည်။ သို့သော် ပြိုလဲနေမည့် ကမ္ဘာ့ပုံရိပ်ကို မကြည့်ရက်။

“သား!”

“ဗျာ… မေမေ”

“သူနာကျင်နေတာကို ကိုယ်က မကြည့်ရက်လို့ သူ့ဘေးကို မသွားတာဆိုရင် ကိုယ်က ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ အတ္တသမားဖြစ်သွားပြီ”

ကျွန်တော့်စိတ်ကို သိနေသော မေမေသည် အရှိုက်တည့်တည့်ကို ထိမှန်စေသော စကားအား ပြောလာတော့ ခံနိုင်ရည်မရှိတော့။ မကြာလိုက်။ စေ့ရုံသာ စေ့ထားသဖြင့် အနည်းငယ်ဟနေသော အခန်းတံခါးရှေ့တွင် ခြေစုံရပ်နေပြီးပြီ။

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now