16

3.3K 417 22
                                    

(Zawgyi)

""မား.. သားဟိုဘက်သွားကြည့်ဦးမယ်နော်""

""အရမ်းမကြာနဲ့နော်။""

သူ့ခေါင်းလေးကို ဖွဖွပုတ်ပေးရင်း မားကပြောလာတယ်။ မိဘမဲ့ဂေဟာက ကလေးတွေကို ကြည့်ရတာ တကယ်ကို ရင်ထဲ သိသိသာသာ တင်းကျပ်လာတာကြောင့် ဂေဟာထဲက ထွက်လာပြီး ဂေဟာနားက လမ်းကျဉ်းကျဉ်းလေးထဲ လျှောက်လာလိုက်တယ်။ နှင်းတွေက ယဲ့ယဲ့ကလေး ကျနေတာမလို့ အနွေးထည်အိတ်ကပ်ထဲ လက်နှစ်ဖက်လုံးထိုးထည့်လိုက်တယ်။ ဟိုကြည့်၊ ဒီကြည့်နဲ့ လျှောက်လာရင်း တစ်နေရာအရောက်မှာ သူမျက်လုံးတွေ ဝိုင်းစက်သွားတယ်။ လှုပ်စိ၊ လှုပ်စိနဲ့ ပုခုံးကလေးတွေ တုန်တက်နေတဲ့ အနွေးထည်စိမ်းစိမ်းနဲ့ ကလေးတစ်ယောက်ဟာ ခုံတန်းနီနီပေါ်မှာ တစ်ယောက်တည်းထိုင်နေတယ်။ ဝဝလုံးလုံးနဲ့ ပုပုလေးဖြစ်နေတာကြောင့် ဒါဟာ မူလတန်းကလေးဖြစ်မယ်လို့ တွေးမိတယ်။

အနီးကပ်သွားကြည့်လိုက်တော့ ဒူးလေးတွေပါလှုပ်ပြီး လက်သည်းသေးသေးလေးတွေကို ကိုက်နေသေးတယ်။ ထိုကလေးရှေ့ ဒူးထောက်ထိုင်ချမိတော့ အောက်နှုတ်ခမ်းရဲရဲလေးဟာ အရှေ့ကို ထိုးထွက်လို့၊ အပေါ်နှုတ်ခမ်းလေးကို စုကြုတ်ထားရင်း ပါးဖောင်းဖောင်းကားကားအကြီးကြီးတွေနဲ့ မျက်နှာကလေး ရှုံ့မဲ့လို့၊ နှာခေါင်းနီနီ၊ မျက်လုံးရွဲကြီးတွေနဲ့ သူ့ကို မျက်မှောင်ကလေးကြုတ်လို့ ကြည့်လာတယ်။ ဘယ်လိုတောင် ချစ်ဖို့ကောင်းမှုကြီးလဲ။

""ဟိတ် ကောင်လေး""

မျက်နှာရှေ့ လက်ဖျောက်တီးရင်း အသံမြင့်မြင့်နဲ့ ခေါ်မိတော့ ရှုံ့မဲ့သွားတဲ့ မျက်နှာကလေးဟာ ပိုလို့ရှုံ့မဲ့သွားပြီး မျက်လုံးစုံပိတ်လို့၊ ဗြဲခနဲ ထငိုတာကြောင့် ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားရတယ်။

""ဟာ.. ဒီမှာ..ကလေး မငိုရဘူးလေ။ ဘာလို့ ငိုနေတာလဲ။ ငါမင်းကို ဘာမှလည်းမလုပ်ဘဲနဲ့။ တိတ် တိတ် မငိုနဲ့နော်။ မိဘတွေဘယ်မှာလဲ။""

""မင်းက,ပယ်ထူယဲ။""

ငိုသံရောလို့ ထွက်ပေါ်လာတဲ့ အသံသေးသေးလေးနောက်မှာ သူ့မျက်လုံးတွေဟာ ၁ စက္ကန့်လောက် ဝိုင်းစက်သွားရတယ်။ အထက်တန်းကျောင်းသား တစ်ယောက်ဖြစ်တဲ့ သူကို ဒီ အကောင်သေးသေးလေးက မင်း လို့ပြောတယ်တဲ့။ ချစ်စနိုးနဲ့ ရယ်မိပြန်တယ်။ ဒီဟာလေးက ဘယ်လိုလေးလဲ။ စကားလည်း မပီပြန်သလို အရှေ့သွားကလေးတွေက ကျိုးပြီး မဲမဲသဲသဲကလေး။

W O R N G (Complete)Where stories live. Discover now