(Zawgyi)
ကုတင်ပေါ်က ပြေးဆင်းသွားပြီး ရေချိုးခန်းထဲ ထိုးဝင်သွားတဲ့ ဝမ်ရိပေါ်ကြောင့် ထိုင်ခုံပေါ်က ထလိုက်ကာ အမြန်လိုက်မိတယ်။ နံရံကို မှီကာ ရင်ဘတ်တွေ နိမ့်ချည်၊ မြင့်ချည် ဖြစ်နေပြီး မောဟိုက်နွမ်းလျစွာ ဖြစ်နေတဲ့ ဝမ်ရိပေါ်အနား တိုးကပ်လိုက်တယ်။
""ဝမ်ရိပေါ်။ ရရဲ့လား။""
ပုခုံးကို လက်နဲ့ဖွဖွ ထိမိတော့ ဆက်ခနဲ ရုန်းပြီး သူ့လက်ကို ဆွဲခါထုတ်ပစ်တယ်။ နံရံနဲ့ ဖြန်းခနဲ ရိုက်မိတာကြောင့် ဆစ်ခနဲ ဖြစ်သွားတဲ့ လက်ဆစ်တွေကို လျစ်လျူရှူလိုက်ပြီး ဝမ်ရိပေါ်ရဲ့ ခါးကို ပွေ့ဖက်လိုက်တယ်။ သူ့လက်မောင်းတွေကြား အိခနဲ ပြိုကျလာတဲ့ ကိုယ်လေးကို တင်းတင်းပွေ့လိုက်တော့ သူ့ရင်ဘတ်ပေါ် မျက်နှာအပ်ရင်း သူ့အကျီစကို ဆွဲဆုပ်ကာ ကြမ်းပြင်ပေါ် ဖြေးဖြေးချင်း ထိုင်ချတယ်။
""ရှောင်းကျန့်ရားး။ ကလေးကို အခုချက်ချင်း ခွဲထုတ်ပေးစမ်းပါ။""
""ဝမ်ရိပေါ်။ ထနော်။ ဒီလိုကြီး ထိုင်နေရင် အအေးမိလိမ့်မယ်။""
""ခွဲထုတ်လို့ မရဖူးလား။ အခုချက်ချင်း မွေးလိုက်ရင်ရော။""
""မရဖူးလေ။ ဝမ်ရိပေါ်ရယ်။""
"" ရှောင်းကျန့်ရားး။ ဗိုက်ကြီးရတာမကောင်းဘူးဆို။""
နံရံကို ခေါင်းမှီကာ မျက်လုံးတွေကိုမှိတ်လို့ ဝမ်ရိပေါ်ဟာ တိုင်ပြောသလို ပြောလာတယ်။ သူ့ရဲ့ ရင်ဘတ်က အကျီစကိုလည်း တင်းတင်းဆုပ်ကိုင်ထားတယ်။ တစ်ခါမှမမြင်ဖူးတဲ့ ဝမ်ရိပေါ်ရဲ့ ပုံစံအသစ်ကလေး ရယ်မို့ ငြိမ်သက်စွာ ငေးလို့ စိုက် ကြည့်နေမိတယ်။
""အင်း၊ အင်း။ ကိုယ်သိတယ်။""
""ခင်ဗျားကြီးပေး.....""
""အင်း။ နောက်တစ်ခါကျ ကြီးပေးမယ်။ ထနော်။ အအေးမိတော့မယ်။""
""ဟုတ်လည်း ဟုတ်ပဲနဲ့၊ လျှောက်ပြောနေတာ..""
သူ့ရင်ဘတ်ကို လက်သီးတစ်ချက်ထိုးလို့ ပြောလာတာမို့ ခပ်ဖွဖွ ပြုံးမိတယ်။ သူ့ရင်ဘတ်ပေါ်က လက်တွေကို ဆွဲခွာလိုက်တော့ ဆက်ခနဲ ဖြစ်သွားတဲ့ ကိုယ်လေးနဲ့ အတူ ဖျက်ခနဲ ပွင့်လာတဲ့ စူးစူးတောက်တောက် မျက်ဝန်းတွေ။ ဝမ်ရိပေါ်ရဲ့ မျက်ဝန်းတွေက ပုံသေကင်းမဲ့တယ်။ နောက် သူ့ရဲ့ လက်ကို ဆွဲဖယ်ပစ်ပြီး စူးစူးဝါးဝါး အော်တယ်။