ကျောင်းမှာ King Queen selection ဓာတ်ပုံရိုက်ဖို့ရှိတာနဲ့တော်ရုံတန်ရုံမဝတ်ဖြစ်တဲ့ စတစ်ကော်လံအဖြူရယ် ယောပုဆိုးအနက်ကို သေသေသပ်သပ်ဝတ်ထားတဲ့ ကိုယ့်ကိုကိုယ်မှန်ထဲပြန်ကြည့်ကာ
"ကြည့်လို့ကောင်းတယ် ထင်တာပဲ"
"မနက်ကတည်းက မှန်ကြည့်နေတာ မှန်ထဲလည်း ဝင်သွားတော့မှာပဲ"
အခန်းတံခါးဖွင့်ထားတော့ သူမှန်ကြည့်နေတာကို မေမေက မြင်သွားကာ အခန်းထဲဝင်လာပြီး
"ဒီလိုလေး မြင်ချင်နေတာ ကျောင်းမှာဓာတ်ပုံရိုက်ဖို့ ရှိမှပဲ ဝတ်တော့တယ်"
"ဟဲဟဲ မေမေ့သားချောတယ်မလား"
"ချောပါ့တော် ဒါပေမဲ့ မှူးဆက်ကိုတော့ မမှီသေးဘူး"
"ဟင်....မေမေကလဲ "
မေမေက သူ့ထက်မှူးဆက်ကိုတောင် ပိုချစ်နေသလိုထင်ရသည်။ဟိုကလည်း အိမ်လာပြီဆို မေမေ့ကိုအမြဲကပ်ချွဲတတ်တာကြောင့် မေမေက မှူးဆက်မှ မှူးဆက် ဖြစ်နေသည်။ဒါတောင် မှူးဆက်နဲ့သူ တွဲနေတာဖွင့်မပြောရသေး။
တီ....တီ....
ကားဟွန်းသံကြားတော့ သူ့ထက်အရင် မေမေ့ဆီက စကားသံထွက်လာသည်။
"မှူးဆက်ရောက်နေပြီထင်တယ် ပြီးရင်လည်း မြန်မြန်ဆင်း ဟိုက စောင့်နေရမယ်"
"သူ့ဘာသာစောင့်ပါစေပေါ့ မေမေကလဲ သားဘက်ကမပါပဲ မှူးဆက်ဘက်ကပါနေတယ်"
ညကတည်းက ပြင်ထားတဲ့ လွယ်အိတ်ကောက်ယူ အားသွင်းထားတဲ့ဖုန်းဖြုတ်ပြီး မေမေနဲ့အတူ လှေကားက ဆင်းလာကာ သူပွစိပွစ်ိဆိုတော့ မေမေက ရယ်ရင်း
"သားကို နေ့တိုင်း ညတိုင်းအကြိုအပို့လုပ်ပေးနေတာ ဘယ်လောက်ကျေးဇူးတင်စရာကောင်းလဲ စိတ်လဲစိတ်ချရတယ် စောင့်နေရတော့ မေမေက အားနာလို့ပါ"
"ဟုတ်ကဲ့ပါ မှူးဆက်ကြားရင် ဝမ်းသာလုံးဆို့နေတော့မှာပဲ သား သွားပြီ "
မေမေ့ပါးကို အာဘွားပေးရင်း ခြံတံခါးဖွင့်လိုက်တော့ ကားပေါ်ကမှူးဆက်က မှန်တံခါးချကာ သူ့ကိုငေးကြည့်လာသည်။
"မျက်လုံးကြီးလဲ ကျွတ်ကျသွားဦးမယ်"
"ဟား.....ဟား....ချစ်စရာလေး"
မှူးဆက်ကရယ်ရင်း ကားပေါ်ဝင်ထိုင်တဲ့ သူ့ကို ခါးပတ်ပတ်ပေးပြီး ကားမောင်းထွက်လာကာ
"ဒီလိုဝတ်တာ မိုက်တယ် တခါမှမမြင်ဖူးလို့လားတော့မသိဘူး မျက်လုံးထဲအရမ်းကြည့်ကောင်းနေတယ်"
"မေမေက မင်းကိုတော့မမှီသေးဘူးတဲ့"
"ဟား.....အန်တီက အမှန်တရားတွေအရမ်းပြောတတ်တာပဲ ယောက္ခမကြီးက အမြင်ရှိတယ်"
"ပြောမိတာတောင် မှားပါတယ်"
"ဓာတ်ပုံက ဘယ်မှာရိုက်ရမှာလဲ"
"ဘွဲ့နှင်းသဘင်မှာ နေဦး ဟိုနားကားခဏရပ်လိုက်"
"ဟင်....ဘာဖြစ်လို့လဲ"
"သြော် ရပ်မှာသာ ရပ်လိုက်ပါ"
ယံယံညွှန်ပြတဲ့ သစ်ပင်ကြီးအောက် လမ်းဘေးချရပ်ကာ
"ဘာရှိလို့လဲ"
"မျက်လုံးမှိတ်ထား "
"ဟမ်"
"သြော် မျက်လုံးမှိတ်ထားပါဆို"
သူပြောလိုက်တော့ နားမလည်သလိုကြည့်ကာ ပြောတဲ့အတိုင်း မျက်လုံးလေးတော့မှိတ်ရှာသည်။မှူးဆက် မျက်လုံးတွေ ပိတ်သွားတော့မှ လွယ်အိတ်ထဲက လက်ဆောင်ဗူးကိုထုတ်ရင်း
"ခိုးမကြည့်နဲ့နော်"
"အင်းပါ တချွတ်ချွတ်နဲ့ အသံတွေတော့ကြားနေရတယ် ဘာလုပ်နေတာလဲ"
"ရပြီ ဖွင့်တော့"
မှူးဆက် မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ရှေ့တည့်တည့်ရောက်နေတဲ့ လက်ဆောင်ဗူးကြီး။လက်ဆောင်ရတာထက် ဒီနေ့ရက် ၁၀၀ ပြည့်ဆိုတာကို သိနေတဲ့ ယံယံကြောင့် ဝမ်းသာရကာ
"ရက် ၁၀၀ပြည့်ကို မမေ့ဘူးပေါ့"
"မေ့စရာလား ဖွင့်ကြည့်လိုက်ဦး"
သူပေးတဲ့လက်ဆောင်ကို မှူးဆက်သဘောကျမယ်ဆိုတာ သေချာပေါက်သိတာကြောင့် အမှတ်တရအနေနဲ့ သိမ်းထားဖို့ရာ ဖုန်းထုတ်ကာ video ရိုက်ဖို့ ပြင်လိုက်သည်။
ဖဲကြိုးတွေအရင်ဖြုတ်ကာ ပါကင်ပိတ်ထားတာကို သေချာဖောက်ရင်း အနက်ရောင်ဘူးလေးထွက်လာတော့ ဘာများလဲဆိုပြီး ဘူးကိုအရင်လှုပ်ကြည့်ကာ
"လေးတော့လေးတယ် ဘာတွေလဲ"
"ဖွင့်ကြည့်လိုက်လေ"
"ပေါက်ကရတွေတော့ မဟုတ်ဘူးမလား"
ဘူးအဖုံးကိုဖွင့်ပြီး အထဲက ပစ္စည်းကို မြင်လိုက်ရချိန်မှာတော့ မျက်လုံးက တစ်လက်လက်နဲ့အရောင်တောက်လာကာ
"ဟား...ဟား.... တကယ်ရူးပြီ"
Adidas Messi 16.1 ကြေးနီရောင် ဘောလုံးကန်ဖိနပ်လေးက ဘူးထဲမှာ လှလှပပလေးသူ့ကိုကြိုဆိုလို့နေသည်။ပါးစပ်တောင် မစိနိုင်တော့ကာ အပျော်တွေက ဘယ်လိုမှမဖုံးနိုင်မဖိနိုင်။
"တကယ်ကြိုက်တယ်.....အရမ်းလှတယ်"
မှူးဆက်အရမ်းပျော်နေတာကို ကြည့်ရင်း ယံယံလည်း လိုက်ပြုံးနေမိကာ video ရိုက်နေတာကို ရပ်လိုက်ပြီး
"ဒီဖိနပ်စီးပြီး မြန်မာ့လက်ရွေးစင်ဖြစ်အောင်ပါလုပ် ကြားလား"
"ဟုတ်ကဲ့ပါဗျ....အများကြီး....အများကြီး ကျေးဇူးတင်ပါတယ်ဗျ"
ကျေးဇူးတင်စကားပြောရင်း ယံယံ့နဖူးလေးကို မြတ်မြတ်နိုးနိုးနဲ့ လှမ်းနမ်းကာ
"မင်းအတွက်လည်းပါတယ် ခဏ"
ကားနောက်ခန်းမှာ ထားထားတဲ့ အိတ်ကိုလှမ်းယူကာ ယံယံ့ဆီ ပေးလိုက်ရင်း
"ဖွင့်ကြည့်"
"ဘာတွေဝယ်လာတာလဲ"
အိတ်ထဲကိုနှိုက်ကြည့်လိုက်တော့ ပုလင်းလိုလိုစမ်းမိတာနဲ့ထုတ်ကြည့်လိုက်တော့ ကြယ်တွေရောင်စုံအပြည့်နဲ့ ဖန်ပုလင်းရှည်ရှည်လေး။
"ကိုယ်တိုင်ခေါက်ထားတာလား"
"အင်း ၁၅၀၀ အတိပဲ"
"တကယ်.... ဘာလို့အများကြီးခေါက်တာလဲ အဲ့လောက်အများကြီး ပင်ပန်းတာပေါ့ နည်းနည်းပဲခေါက်လဲရတာကို"
"မင်းအတွက်ဆို ဘာမှမပင်ပန်းဘူး ရှိသေးတယ် ထပ်ကြည့်ဦး"
"ရှိသေးတယ်ဆိုတာကြောင့် ထပ်နှိုက်လိုက်တော့ လက်ဆောင်ဘူးပြားပြားလေးလက်ထဲပါလာသည်။
"ဘာတွေလဲ"
"ကြိုက်မှာပါ ဖွင့်ကြည့်"
"ဘူးအဖုံးကိုဖွင့်လိုက်တော့ ရောင်စုံဖော့စိသေးသေးလေးတွေကအပြည့် သူရယ်မိကာ ဖော့စိတွေထဲစမ်းတော့မှ ထွက်လာတာက ခရမ်းရောင် iPhone 11 လေး။
"ဆင်တူလေ ဒီမှာ"
မှူးဆက်က ကားဒက်ရှ်ဘုတ်ပေါ်က သူ့ဖုန်းခရမ်းရောင်လေးကို ထောင်ပြရင်း
"အဲ့ဖုန်းက ငါနဲ့ပဲပြောဖို့နော်"
မှူးဆက်အပြောကြောင့် ယံယံနှာခေါင်းရှုံ့လိုက်ကာ
"တိုလိုက်တာ ဟုတ်ပါပြီ အများကြီး...အများကြီးကျေးဇူးတင်ပါတယ်ဗျ"
မှူးဆက်ပြောခဲ့တဲ့အတိုင်းလိုက်ပြောတော့ မှူးဆက်က ရယ်ကာ သူ့ပါးကို ဆွဲညှစ်ရင်း
"ဒီနေ့ ရက် ၁၀၀ ပြည့်ကနေ နောက်ရက်ပေါင်းမြောက်များစွာအထိ ငါတို့အတူရှိနေကြမယ် ကတိပေး"
"အင်း ဘယ်တော့မှမခွဲဘူး"
တစ်ယောက်နဲ့တစ်ယောက် အချစ်တွေအပြည့်ဖုံးလွှမ်းနေတဲ့မျက်ဝန်းတွေနဲ့ ကြည့်ကာ လက်သန်းချင်းချိတ်ရင်း ကတိပေးဖြစ်ကြသည်။
~~~~~~~~~~
သူတို့ ကျောင်းပေါင်းစုံဘောလုံးပွဲကတောက်လျှောက်စလာခဲ့တာ ဒီနေ့ final နေ့ဖြစ်တာကြောင့် မိုင်ဒါကွင်းမှာ TU နဲ့ သူတို့ကျောင်း နှစ်ကျောင်းပေါင်းကာ ပြည့်ကြပ်နေသည်။
ကျောင်းလက်ရွေးစင်အနေနဲ့ မေဂျာအကုန်လုံးကအတော်တွေကြည့်စုရွေးထားတာကြောင့် ရှုံးမှာမပူရပါ။ပြီးတော့ နှစ်တိုင်း ကျောင်းပေါင်းစုံပွဲဆို သူတို့ကျောင်း နိုင်နေကြဆိုတဲ့ ရာဇဝင်ကရှိထားပြီးသားဆိုတော့ သူတို့ကျောင်းဘက်ကလာကြည့်တဲ့လူတွေအကုန်လုံးက အေးအေးဆေးဆေးပဲဖြစ်နေကြသည်။
မအေးဆေးဖြစ်နေတာက သူပဲရှိမည်။မှူးဆက်အတွက် ဒီပွဲက အရေးကြီးတဲ့ပွဲလို့ပြောလို့ရတာကြောင့် သူစိတ်ပူမိသည်။ဒီပွဲမှာ မှူးဆက်အခြေအနေကောင်းမှ တောင်ငူလက်ရွေးစင်အနေနဲ့ ပါမှာဖြစ်သည်။
"ယံယံရယ် မျက်နှာကပြုံးစမ်းပါ"
"ရင်တွေတုန်တယ်ဟ"
"မှူးဆက်ကတော်ပြီးသားလေ ယုံလိုက်စမ်းပါ"
"သူလည်း ရင်တုန်နေမှာပဲ စိတ်လှုပ်ရှားပြီး တစ်ခုခုမှားမှာစိုးရတယ်"
"နင်က မှူးဆက်ကိုပူနေ ငါက သူတို့ရန်ဖြစ်မှာပဲပူရတယ်"
ရှားရှားစကားကြောင့် သူရောသော်သော်ရော ရှားရှားဘက်လှည့်ကြည့်မိကာ သော်သော်က
"ဘာဖြစ်လို့လဲ"
"TU က ဘောလုံးအသင်းမှာ ဟိုကောင်လေ ဇွဲသုတကို ငါတွေ့လိုက်တယ် ကွင်းထဲမှာ ထိပ်တိုက်တွေ့ရင် ဒုက္ခ"
ထိုစကားကြောင့် ပိုစိတ်ပူသွားရကာ ရင်တမမနဲ့ ဘောလုံးပွဲကြည့်ရင်း သူတို့ဘက်က ဂိုးသွင်းတိုင်း ထထအော်ရတာအမော။နောက်ဆုံးမှာတော့ ၃ ဂိုး သုညနဲ့ အပြတ်အသတ်ကို နိုင်ကာ ဒီနှစ်လည်း သူတို့ကျောင်း ဗိုလ်စွဲသွားပြန်သည်။
ပွဲပြီးသွားတော့ ဆူဆူညံညံနဲ့ အလျှိုလျှိုပြန်သွားတဲ့သူတွေကြားပွဲကြည့်စင်အောက်ဆင်းကာ ကွင်းထဲက ထွက်လာမယ့် မှူးဆက်တို့ကိုစောင့်နေလိုက်သည်။ ဘုန်းပြည့်နဲ့ စွမ်းလေးက ကွင်းထဲက အရင်ထွက်လာကာ သူတို့အနားရောက်လာတော့
"အားကာက ဆရာနဲ့ စကားပြောနေကြတယ် သတင်းကောင်းပဲထင်တယ်"
နောက်မှ သိင်္ဂါကအနားရောက်လာကာ
"ဟိုကောင် ဇွဲသုတ ဒေါခွီးနေတာ မြင်တယ်မလား"
"မြင်ပါ့ သူသွင်းတိုင်း မင်းက ပုတ်ထုတ်နေတာကို"
"ပွဲမစခင်က ငါ့ကို စိန်ခေါ်နေသေးတာ ငါကအားအားယားယား ဂိုးသမားဝင်လုပ်နေတယ်များ ထင်နေလားမသိဘူး ဟား...ဟား..."
"ရယ်နေ ငါတို့က အပြင်ကနေ စိတ်ပူနေတာ ရန်ဖြစ်ကြမှာစိုးလို့"
သော်သော့်အပြောကို စွမ်းလေးက ပုခုံးတွန့်ပြကာ
"မဖြစ်တော့ပါဘူး ကျောင်းပွဲကန်နေတာလေ"
"မှူးဆက်ရော ဘာတဲ့လဲ"
သူသိချင်နေမှန်းသိတာနဲ့ ဘုန်းပြည့်က အရင် သိင်္ဂါကိုမေးပေးလိုက်တော့ သိင်္ဂါက
"အခြေနေကောင်းပါတယ် ဆရာစောနဲ့ စကားပြောနေတယ်"
"အေး မင်းကိုလည်း ခေါ်နေတာလားလို့ပါ ဘာလို့ထွက်လာတာလဲ"
"အင်း ဂိုးသမားအနေနဲ့ train ဖို့ခေါ်တယ် တော်ပါပြီ မပါတော့ပါဘူး ရေရှည်ကျ မဖြစ်ဘူး အိမ်အလုပ်တွေက ရှိသေးတယ်"
သူရင်တမမနဲ့ စောင့်နေတာ မှူးဆက်နဲ့ ရဲသွေး စကားတပြောပြောနဲ့ ကွင်းထဲက ထွက်လာတာမြင်တော့ မနေနိုင်တဲ့အဆုံး အနားကို အမြန်လျှောက်သွားလိုက်ပြီး
"ဘာတဲ့လဲ"
သူမေးတာကို မှူးဆက်က ပြုံးပြလာကာ သူ့ကိုခါးကနေ မချီလိုက်ပြီး
"ငါ့ကိုရွေးလိုက်ပြီ"
"တကယ်လား...တကယ်နော်"
"တကယ်ပေါ့"
အချီခံလိုက်ရတော့ မှူးဆက်ထက် ခေါင်းတစ်လုံးစာလောက် ပိုမြင့်နေတာကြောင့် မှူးဆက် နှဖူးကို ငုံ့နမ်းကာ
"ဟီး....ဟီး....ငါ့ကောင်လေးက တော်လိုက်တာ"
ပျော်မြူးနေတဲ့ နှစ်ယောက်ကို ဒီဘက်က အုပ်စုကတော့ မနိုင်ဘူးဆိုတဲ့ အကြည့်တွေနဲ့ကြည့်ရင်း
"ဒီနှစ်ယောက်တစ်ကမ္ဘာကို မျက်စိတွေတော်တော်နောက်နေပြီ"
"ထားခဲ့လိုက်တော့ ငါတို့သွားရအောင်"
အိမ်ပြန်ဖို့ ရဲသွေးဆိုင်ကယ်နောက်ကနေ စွမ်းလေးထိုင်လိုက်ရင်း
"မှူးဆက်နဲ့အတူ မင်းကိုပါခေါ်တာမလား "
"အင်း ငါငြင်းလိုက်တယ်"
"ဟမ်....ဘာဖြစ်လို့ငြင်းလိုက်တာလဲ မင်းဝါသနာပဲမဟုတ်ဘူးလား"
"ငါ့အဖေက ခွင့်ပြုမှာတဲ့လား ငါ့ဝါသနာကို သူလိုက်စဥ်းစားပေးနေမှာမဟုတ်ဘူး သူ့ဆန္ဒသူ့အမိန့်တိုင်း ငါသွားရမှာ ဒီတိုင်းဘောလုံးကန်နေရလည်း ငါအဆင်ပြေပါတယ်"
အေးစက်စက်နဲ့ ရဲသွေးစကားသံကြောင့် စွမ်းလေး နှစ်သိမ့်သလို ရဲသွေးပုခုံးကို လှမ်းပုတ်ကာ
"ငါမင်းနဲ့ ဘောလုံးအမြဲတမ်းလိုက်ကန်ပေးနေမှာပါ အများကြီးတွေးမနေနဲ့တော့ ငါရှိတယ်"
~~~~~
ကျောင်းပိတ်ရက်လည်းဖြစ်တာရယ် ကိုသူ့ကိုလည်း ကျေးဇူးတင်စကားပြောဖို့ရာရှိတာရယ်ကြောင့် ယံယံ့ကိုခေါ်ကာ ကန်ဘောင်ဘက်ထွက်လာရင်း ဆိုင်ရောက်တော့ ကိုသူက ဘယ်ကတည်းက သူ့ကိုမျှော်နေလဲမသိ။
"ငါ့ကောင် တစ်ဝိုင်းလုပ်လိုက်တော့"
"ဟား....ဟား....လာမယ်လေ ဟိုကောင်တွေပါ ချိန်းလိုက်မယ် ကိုသူ့ကို ကျေးဇူးတင်ချင်လို့ ပြီးတော့ ကိုသူ့အဖေကိုရော"
"မလိုပါဘူးကွာ ငါပြောပြီးပြီပဲ ငါတို့က ပါးစပ်ကနေပဲ ပြောပေးရတာ ဆရာစောက သူကိုယ်တိုင်လည်း မင်းကို သဘောကျလို့"
"ကျွန်တော့်ကို အသေ train မယ်လို့တော့ ကြိမ်းသွားတာပဲ လန့်နေတယ် ဆရာက တော်တော်ကြမ်းတယ်ကြားတယ်"
"အေး အဲ့ဒါတော့ ဟုတ်တယ် ကြမ်းတာတော့ အသေကြမ်းတာ ထိုင်လေ ဘာစားမလဲ ဘာသောက်မလဲ"
"ကျွန်တော်တို့ အပြင်မှာပဲထိုင်တော့မယ်"
"အေးအေး တခါထဲ ကြိုက်တာယူသွား"
မှူးဆက်က အအေးပုလင်းတွေ ထုတ်ကာ ယံယံ့ကို လက်ဆွဲခေါ်လာရင်း ကန်ဘောင်ဘေးက ဝိုင်းမှာ ထိုင်ပြီး သောက်ဖို့ အအေးပုလင်းပါဖောက်ပေးလိုက်ကာ
"ဘာစားချင်သေးလဲ ပြီးတော့ ဘယ်သွားချင်လဲ"
"တော်ပြီလေ မင်းနဲ့ အေးအေးဆေးဆေးပဲ စကားပြောချင်တယ်"
"ကဲ....ပြောစေဗျာ"
"training ဘယ်တော့စမှာလဲ"
"သဘက်ခါ ကျောင်းဆင်းတာနဲ့ တန်းလာခဲ့တဲ့"
"ချက်ချင်းပါလား သြော် ငါ့ကောင်လေးတော့ ပင်ပန်းတော့မှာပဲ ကျောင်းလဲသွားရဦးမယ် လေ့ကျင့်ဖို့ကလဲ သွားရဦးမယ်"
"အဲ့ဒါတွေထားလိုက်ပါဦး ငါ မင်းကို ညဘက်ကျောင်းလွှတ်ဖို့ ကိစ္စပဲခေါင်းခဲနေတာ အပြန်ညဘက်ကတော့ လာကြိုလို့ရပါတယ် အသွားပဲ ၇ နာရီတွေဆို ငါ မှီပါ့မလားမသိဘူး"
မှူးဆက်နဲ့ ကိုခန့်နိုင် ပြသာနာတက်တဲ့အကြောင်း စွမ်းလေးပြန်ပြောပြလို့ သိထားပြီးပြီ။ အခုလည်း ကိုယ့်အတွက်ကိုယ်မစဥ်းစားပဲ သူ့ကိုလာပူနေတဲ့ မှူးဆက်ကြောင့် သူသက်ပြင်းချကာ ဂိုက်ကို လက်လျော့မှဖြစ်တော့မယ်လို့ တွေးရင်း
"မှူးဆက်.....ငါ နောက်လပြီးရင် ဂိုက်မလုပ်တော့ဘူး"
"အေးပေါ့ နောက်လပြီးရင် စာမေးပွဲလဖြစ်နေပြီလေ စာလုပ်ရမှာပေါ့"
"အဲ့ဒါပြောတာ မဟုတ်ဘူး စာမေးပွဲပြီးလည်း ငါ ဂိုက်ဝင်မလုပ်တော့ဘူး ပြောတာ"
သူပြောလိုက်တော့ မှူးဆက်က သူ့ဘက်မျက်နှာချက်ချင်းလှည့်လာကာ
"တကယ်လား သေချာတယ်နော်"
"အင်း တကယ် အဲ့ဒါကြောင့် ငါ့ကိုစိတ်မပူပဲ ကိုယ့်ကိုကိုယ်သာဂရုစိုက်"
ဘယ်လောက်တောင် ပျော်သွားလဲမသိ သူကို ပြုံးကြည့်ကာ ပါးကို နစ်ဝင်သွားအောင်လာနမ်းပြီး
"အဲ့ဒါကြောင့် ငါ မင်းကို တစ်နေ့ထက်တစ်နေ့ ပိုပိုချစ်နေရတာ"
သူ့ပုခုံးပေါ်လက်တင်ကာ မျက်နှာချင်းဆိုင်ပြီးပြောလာတော့ သူ့မျက်နှာနား ကပ်နေပြီဖြစ်တဲ့ မှူးဆက်မျက်နှာကို လက်နဲ့ အသာပြန်တွန်းရင်း
"မျက်နှာကဝေးဝေးနေ လူတွေရှိတယ်"
"ခုနကတောင် ပါးကို နမ်းပြီးပြီပဲ"
"တကယ်....တကယ်....ငါ မင်းကို တကယ်မနိုင်ဘူး"
နှစ်ယောက်သားကြည်နူးနေတုန်း ဘေးမှာလာရပ်တဲ့ ကားအဖြူကြောင့် မှူးဆက် ပြောလက်စ စကားပါရပ်ကာ မျက်နှာတည်သွားတော့သည်။ ကားပေါ်က ဆင်းလာတဲ့ ကိုခန့်နိုင်ကို ကြည့်လိုက် ဘေးကမှူးဆက်ကို ကြည့်လိုက်နဲ့ စားပွဲခုံအောက်က မှူးဆက်လက်တွေကို အသာဆုပ်ကိုင်လိုက်ပြီး ဒီအခြေအနေကို ဘယ်လိုထိန်းရမလဲစဥ်းစားရင်း
"အစ်ကို ဘယ်လာတာလဲ"
"အိမ်အရင်သွားခဲ့သေးတယ် တံခါးပိတ်ထားတာနဲ့ ပြန်လာရင်း ယံယံ့ကိုတွေ့လို့ ဝင်လာတာ"
"ခင်ဗျားနဲ့ ယံယံနဲ့ တွေ့စရာအကြောင်းမရှိဘူး ပြန်လိုက်တော့"
"စိတ်လျော့ပါ မှူးဆက်ရယ် ယံယံက မင်းအပိုင်မဟုတ်သေးပါဘူး"
ဝုန်းခနဲမှူးဆက်ထရပ်တော့ သူပါထရပ်ကာ မှူးဆက်လက်ကို အတင်းဆွဲထားရသည်။
"ယံယံ့က ကျွန်တော့်ချစ်သူ ကျွန်တော့်အပိုင် ခင်ဗျားသာ ကိုယ့်ဂုဏ်သိက္ခာနဲ့ကိုယ်နေပြီး သူများချစ်သူကို ကြာကူလီလုပ်ဖို့ စဥ်းစားမနေနဲ့"
"ယံယံ့ကို စကားပြောခွင့်အစ်ကို့မှာရှိပါသေးတယ် စိတ်လျော့ပါဦး"
ထိုစကားကြောင့် သူဆုပ်ကိုင်ထားတဲ့ မှူးဆက်လက်တွေက တင်းကြပ်လာသည်။ မှူးဆက်မျက်နှာကို တစ်ချက်ကြည့်ကာ
"အစ်ကို..အစ်ကို့ကြောင့် ကျွန်တော့်တို့နှစ်ယောက် စကားမများပါရစေနဲ့ အခုတော့ အစ်ကိုပြန်လိုက်ပါတော့"
အေးအေးဆေးဆေးပြောလာတဲ့ ယံယံ့ကို ခန့်နိုင်ပြန်ပြုံးပြလိုက်ကာ
"ကောင်းပြီလေ ယံယံက ပြန်ခိုင်းတယ်ဆိုတော့ အစ်ကိုပြန်မှာပါ သြော်....ဒါက မေမေတို့ မော်လမြိုင်ကပြန်လာလို့ ပါလာတဲ့လက်ဆောင်တွေ ပေးခိုင်းလိုက်တာ "
လက်ထဲက မုန့်ဘူးတွေကို စားပွဲပေါ်တင်ပေးကာ ကားပေါ်တက်လာတော့ နောက်ကနေ မှူးဆက်ရဲ့ တောက်ခ် ခေါက်သံကို ကြားလိုက်ရသေးသည်။ကားမောင်းထွက်လာပြီး နောက်ကြည့်မှန်ကနေ မြင်ရတဲ့ နှစ်ယောက်သား စကားများကျန်ခဲ့တဲ့ မြင်ကွင်းကို သေချာကြည့်ကာ သဘောကျစွာပြုံးလိုက်ပြီး
"မှူးဆက်.....မှူးဆက်.....မင်းခန့်မှူးဆက် အဲ့လောက်ချစ်ဖို့ကောင်းမှန်း အခုမှသိတယ်"
"တောက်ခ်....အဲ့လူဘယ်လောက်မျက်နှာပြောင်တိုက်လဲ မြင်ပြီမလား"
သူကိုယ်တိုင်လည်း ကိုခန့်နိုင်ပုံစံကို အံ့သြလို့မဆုံး။ကျောင်းမှာဆုံရင်တောင် ကျောင်းသားတွေအကြောင်း စာအကြောင်းကလွဲလို့ ဘာမှမပြောတဲ့လူက မှူးဆက်ရှေ့မှာမှ ပြောသွားတဲ့စကားတွေက သူသိတဲ့ကိုခန့်နိုင်ပုံစံနဲ့ လုံးဝကွဲလွဲနေသည်။
"စိတ်လျော့လိုက်ပါတော့ မှူးဆက်ရယ်"
"ဒေါသထွက်လွန်းလို့ သေတော့မယ် တောက်ခ်...စိတ်ရှိလက်ရှိထိုးပစ်လိုက်ရရင်.... အဲ့ဒါကြောင့် ငါမင်းကို စိတ်မချတာ ဒီလကုန်တာနဲ့ အဲ့ဂိုက်က ထွက်လိုက်တော့ နောက်လထိ စောင့်စရာမလိုဘူး ဒီလကုန်လို့မှ မထွက်ရင် မင်းနဲ့ ငါ အပြတ်ပဲ"
"မှူးဆက်...."
သူပြောလည်း ဂရုမစိုက်တော့တဲ့ပုံနဲ့ မှူးဆက်က ပြတ်ပြတ်သားသားကြည့်ကာ
"Please....ယံယံ...ငါအခုအရမ်းစိတ်တိုနေတယ် စကားထပ်ပြောရင် ငါတို့ရန်ဖြစ်လိမ့်မယ် အဲ့တော့ ပြန်ရအောင် "
ဒေါသကို ယံယံ့ပေါ် မပေါက်ကွဲမိအောင်အတတ်နိုင်ဆုံးထိန်းကာ ပြန်ဖို့ခေါ်ရင်း အိမ်ပြန်လမ်းမှာ နှစ်ယောက်သား စကားတစ်လုံးမှ မပြောဖြစ်ကြ။
TBC.....
update တင်ဖို့ကြာသွားလို့ စောင့်လိုက်ရတာတောင်းပန်ပါတယ်နော်။
ခရီးထွက်လိုက်တာရယ် နေမကောင်းတာရယ်နဲ့ ဆက်သွားပြီး ကြာသွားတာပါ အခုကစပြီး မြန်မြန်ပြန်တင်ပေးမယ်နော်❤️❤️❤️❤️
အားလုံးလည်း ကျန်းမာရေး ဂရုစိုက်ကြပါနော်