မနက်ခင်းအတန်းတစ်ချိန်ပြီးတော့ နောက်တစ်ချိန်အတွက် စာအုပ်ထုတ်ထားပြီး ဘာမှလုပ်စရာမရှိတာနဲ့ သော်သော်နဲ့ စကားထိုင်ပြောနေတုန်း ဘုန်းပြည့်က အခုမှ အတန်းထဲဝင်လာကာ
"မနေ့ညက ဂိမ်းဆော့တာ များသွားတာ မနက်ကျမထနိုင်တော့ဘူး"
ပြောပြောဆိုဆို ဘေးမှာဝင်ထိုင်ကာ မှောက်အိပ်ဖို့ပြင်နေပြန်သည်။
"မောင်လေးတို့ ညီမလေးတို့ မင်္ဂလာပါ"
အသံကျယ်ကျယ်နဲ့အတူ အတန်းထဲ ၅ယောက် ၆ယောက်လောက်ဝင်လာကြတာက အကြီးတန်းတွေ မခြူးက သူ့ကိုပြုံးပြနေတာနဲ့ ပြန်ပြုံးပြလိုက်တော့ သူ့ကိုလက်ညှိုးထိုးကာ ဘေးကသူငယ်ချင်းကို တိုးတိုး တိုးတိုး ပြောနေပြန်သည်။
"အာ အိပ်မလို့ပါဆို မအိပ်ရတော့ဘူး"
ဘုန်းပြည့်က ခပ်တိုးတိုးငြီးကာ
"ဘာလာလုပ်ကြတာတဲ့လဲ"
"မသိဘူး ခုထိမပြောသေးဘူး"
အကုန်လုံးက တီချယ်အေးလို့ခေါ်ကြတဲ့အတန်းပိုင်ဆရာမကလည်း နောက်ကနေဝင်လာကာ
"သမီးတို့ လူရွေးပြီးပြီလား"
"မရွေးရသေးဘူး တီချယ် အခုမှ သမီးတို့ ကြည့်နေတုန်း"
"ကဲ အားလုံး နားထောင် မနက်ဖြန် convocation မှာ fresher welcome ရှိတယ်နော် မနက် ၉နာရီ အဲ့အရောက် အခုက fourth year က အစ်မကြီးတွေက king queen selection လာကြည့်တာ major day ပွဲမှ ပေးမှာဆိုပေမယ့် အခုကတည်းက စောင့်ကြည့်ရအောင်လို့ ရွေးထားတာ"
တီချယ်စကားဆုံးတာနဲ့ အစ်မကြီးတွေက အခန်းထဲလူတွေအကုန်လုံးရဲ့မျက်နှာတွေကို သေချာလိုက်ကြည့်နေပြီ။
သော်သော်က သူ့ဘက်လှည့်လာကာ
"အတန်းထဲမှာ ယံယံအချောဆုံးပဲ ယံယံ king ရမှာ သိလား"
"မောင်လေး နာမည်ဘယ်လိုခေါ်လဲ"
သော်သော့်စကားအဆုံး အစ်မကြီး တစ်ယောက်က သူ့နာမည်ကို လာမေးသည်။
"ညဦးယံတဲ့ နာမည်လေးလည်းလှတယ် လူလေးလည်း လှတယ်"
သူတောင်မဖြေလိုက်ရ မခြူးကအနားရောက်လာပြီး အသည်းအသန်ဝင်ဖြေလိုက်သည်။
"ကောင်မ နင်ကသိနေပြီသားလား ဒါမျိုးကျ လက်မတို့ဘူး"
"ငါနဲ့ ခင်ပြီးသား "
"မကြီးတို့က ကျွန်တော့်ကျ မမေးဘူးလား"
ဘေးကဘုန်းပြည့်က ရယ်ကျဲကျဲနဲ့ဝင်ပြောတော့ မခြူးကလက်ထဲကိုင်ထားတဲ့ ဘောပင်နဲ့ ဘုန်းပြည့်ခေါင်းကို လှမ်းခေါက်ကာ
"နင်ကောင်းကောင်းမနေလို့ အခု ဒုတိယနှစ်မှာ king မရှိဖြစ်နေတာလေ"
ဘုန်းပြည့်က ခေါင်းကို အသာပွတ်ရင်း ဘာမှပြန်မပြောပဲ ရယ်ကျဲကျဲပဲလုပ်နေတော့ သော်သော်က မျက်လုံးပြူးကာ
"ဘုန်းပြည့်က မနှစ်က king လား မခြူး"
"ဟုတ်ပါ့တော် မနှစ်က sem 1 ကတည်းက ရွေးထားတာ ဒီနှစ်တော့ ညဦးယံ မောင်လေးပဲ အစ်မတို့ မဲပေးမယ်သိလား"
မခြူးတို့ ထွက်သွားတော့မှ သော်သော်က သူ့အနားကပ်ကာ
"ယံယံ ငါတို့က king နဲ့ သူငယ်ချင်းတွေဖြစ်နေတာပဲ"
ဘုန်းပြည့်ကိုလှမ်းစတော့ ဘုန်းပြည့်က စားပွဲခုံပေါ်ခေါင်းတင်ကာ
"တော်စမ်းပါ king ဖြစ်တာ ဘာမှလည်း မဟုတ်ပါဘူး"
တီချယ်က selection နာမည်တွေရွတ်ပြတော့ ယောကျ်ားလေး ၅ယောက် မိန်းကလေး ၅ယောက်နဲ့ စုစုပေါင်း၁၀ယောက်။
"ဪ ပြီးတော့ အားကစားပွဲတွေ စတော့မယ်နော် notice board မှာကပ်ထားတယ် ဖတ်ပြီးရင် စာရင်းလာပေးကြဦး"
"ဟုတ်ကဲ့ တီချယ်"
အားကစားပွဲအကြောင်းပြောပြီး တီချယ်တို့ထွက်သွားတော့မှ ဘုန်းပြည့်က ခေါင်းထောင်လာကာ
"အားကစားပွဲတွေစတော့မယ်တဲ့သော်သော့်ကိုတော့မမေးတော့ဘူး မင်းရော ဘာပါချင်လဲ"
"ဘောလီဘောတော့ ဆော့ချင်တယ်"
"ဘောလုံးမကန်ဘူးလား"
"ငါ ဘောလုံး သိပ်မကောင်းဘူး"
"train လို့ ရပါတယ်ဟ အချိန်ရပါသေးတယ် ငါတော့ ဘောလုံးကန်မယ် စိတ်ပါရင်တော့ မင်းနဲ့အတူ ဘောလီဘောလဲဝင်ဆော့မယ်"
သူတို့နှစ်ယောက်ပြောနေတာကို သော်သော်က သေချာနားထောင်နေရင်း
"ငါတို့ မေဂျာဘောလုံးအသင်းက ဘယ်နှစ်ခါများနိုင်ဖူးလို့လဲ ပြုတ်နေတာပဲဆိုပြီး ငါ့အစ်ကိုတွေ အစ်မတွေပြောတာကြားဖူးတယ် နိုင်တာတော့ တစ်ခါမှ မကြားဖူးဘူး"
"ဒီနှစ် ငါတစ်ယောက်လုံးရှိပါတယ်ဟ"
"အမြဲတမ်း ဘူမိကပဲ ဖလားရတာမလား ဒီမှာက ဒီနှစ် နင်တစ်ယောက်ရှိတာ ဘူမိမှာက အမှူးလေးတို့ လေးယောက်တောင်ရှိတယ် ဒီနှစ်လည်း ဘူမိပဲနေမှာ"
"မင်း မေဂျာပြောင်းလိုက်တော့ သွား "
သူတို့ စကားပြောတာကို နားထောင်ပြီး ရယ်ချင်လာကာ
"အဲ့လို ရာဇဝင်တွေရှိပြီးသားလား"
"ဒါပေါ့ ဟင် ဒီအချိန်တောင်ကုန်တော့မယ် မဝင်တာနဲ့တူတယ် နောက်အချိန်က အင်္ဂလိပ်မလား သွားရအောင်လေ"
သော်သော့်စကားကြောင့် သူလည်း အင်္ဂလိပ်စာအုပ်နဲ့ ဘောပင်ကိုင်ကာ ဘောင်းဘီအိတ်ကပ်ထဲက ဆိုင်ကယ်သော့ထုတ်တော့ ဘုန်းပြည့်က အကြောင်သားနဲ့
"ဘယ်သွားရမှာလဲ"
"ဘူမိမှာပေါင်းသင်ရတာလေ ဪ မင်း တစ်ချိန်မှ မတက်ရသေးဘူးမလား"
"အင်း ဒါနဲ့ ဘူမိက အင်္ဂလိပ်ဆရာမက မနှစ်က ဆရာမပဲလား"
"ဟင်"
"အာ မေ့လို့ မင်းတို့က ဘယ်လိုလုပ်သိမှာလဲ ဆောရီး သွားမယ်လေ"
ဘူမိဆောင်ကို ဆိုင်ကယ်နဲ့ပဲလာလိုက်ကြကာ အဆောင်ရှေ့ရောက်တော့ သူဆင်းနေခဲ့ပြီး သော်သော်က ဆိုင်ကယ်ကို အရိပ်ရတဲ့အပင်အောက်သွားထားသည်။ဘုန်းပြည့်ကတော့ မင်းခန့်မှူးဆက်တို့အုပ်စုရပ်နေတဲ့နားသွားကာ
"ယံယံ မင်းတို့သွားနှင့်လိုက်နော် ပြီးမှ ငါလိုက်လာမယ်"
သူခေါင်းညိတ်ပြလိုက်ကာ သော်သော့်ကိုစောင့်ရင်း မှူးဆက်ကိုကြည့်မိတော့ ဆိုင်ကယ်ပေါ်အကျအနထိုင်နေကာ ဖုန်းကိုပဲ သည်းကြီးမည်းကြီး ကြည့်နေသည်။မျက်နှာကတော့ ထုံးစံအတိုင်းပါပဲ ဒီတစ်ခါ နှာတံလေးတော့ ဖော်ထားသေးသည်။ငေးနေတုန်း သော်သော်အနားရောက်လာတာနဲ့ ဆက်မကြည့်ဖြစ်တော့ပဲ အဆောင်ပေါ်သာတက်လာလိုက်သည်။
ဂိမ်းဆော့တာ နိုင်သွားတော့မှ ဖုန်းပိတ်လိုက်ကာ ဆိုင်ကယ်ပေါ်ကနေ ဆင်းဖို့လုပ်တော့မှ စွမ်းလေးတို့နဲ့ စကားကောင်းနေတဲ့ ဘုန်းပြည့်ကို မြင်သည်။
"မင်းရောက်နေတာကိုး "
"အင်း အားကစားပွဲတွေ စာရင်းပေးလို့ရပြီတဲ့"
"ဟုတ်လား ငါတို့ကိုတော့ ဘာမှမပြောသေးဘူး စာရင်းပေးလို့ရပြီဆိုတော့လည်း သွားပေးကြတာပေါ့"
မှူးဆက်ရဲ့ အိမ်မက်က လက်ရွေးစင် ဘောလုံးသမားဖြစ်ဖို့ဆိုတော့ အခုလည်း မျက်နှာလေးက ပြုံးလာတာ ဖုံးမရဖိမရ မှူးဆက်ကို ကြည့်ရင်း ဘုန်းပြည့်ပါလိုက်ပြုံးမိကာ
"ဒီတစ်ပတ် ပိတ်ရက် ၁၃မိုင်သွားရအာင်လေ"
သူစကားစလိုက်တာနဲ့ မှူးဆက်ကလွဲလို့ ကျန်တဲ့သူတွေဆီက စကားသံတွေအစီအရီထွက်ချလာသည်။
"ကောင်းသားပဲ ငါတို့မသွားဖြစ်တာတောင် ကြာပြီ"
"ဒီရာသီလေးနဲ့ ရေစိမ်ပြီး ကစ်လိုက်ရရင် ရှယ်ပဲ"
"ကြာသလားလို့ သွားကြမယ်လေ အခုဆိုလည်း ဖြစ်တယ်"
ကျန်တဲ့လူတွေက ထောက်ခံနေသလောက် မှူးဆက်က မလှုပ်မယှက်ငြိမ်နေတာမို့ ဘေးမှာရှိနေတဲ့ သိင်္ဂါက မင်းသဘော ဘယ်လိုလဲဆိုတဲ့ပုံနဲ့ အသာလှမ်းတို့သည်။
"ဆောင်းတွင်းကြီး အေးကအေးနဲ့ ဘာသွားလုပ်မှာလဲ"
"နေ့လည်လောက်ဆို အတော်ပဲလေ သာသာယာယာပဲ မင်းကောင်မလေးလည်း ခေါ်လေ"
"ဒါပဲလား မင်းသူငယ်ချင်းတွေ ပါဦးမှာလား"
ဘုန်းပြည့်ကို မေးငေါ့ပြီးမေ့တော့ ဘုန်းပြည့်က ခေါင်းညိတ်ကာ
"အေး ပါမှာပေါ့ လူများလေ ကောင်းလေပဲဟာ"
ထိုစကားကြောင့်မှူးဆက်မျက်နှာလွှဲသွားတော့ စွမ်းလေးက
"မင်းကလည်း သွားရအောင်ပါ ယံယံကို မင်းကအလကားနေစိတ်တိုနေသလိုပဲ"
"ငါက ဘယ်မှာစိတ်တိုလို့လဲ"
"ဘယ်မှာစိတ်တိုလို့လဲတဲ့ ဟိုနေ့က ဖူဆယ်ကွင်းမှာ မင်းက အကန်တွေကြည့်ပြောနေတာလေ မင်းလုပ်တာနဲ့ ငါတို့တောင် စကားကောင်းကောင်းမပြောလိုက်ရဘူး မင်းလက်ကောက်ဝတ်ကိစ္စနဲ့မင်းက တစ်ဖက်သတ်ကြီးဒေါကန်နေတာ"
ရဲသွေးကပါ ဝင်ပြောလာတော့ မှူးဆက် ဆံပင်တွေထဲ လက်ထိုးထည့်ပြီး ဖွကာ
"စနေနေ့ ၁၀နာရီသွားမယ် ပြီးတော့ အဲ့ကောင်ကို ငါကောင်းကောင်းဆက်ဆံမယ် အဆင်ပြေပြီလား"
ထိုတိုင်းပြောလိုက်တော့မှ အကုန်လုံးက ကျေနပ်သွားဟန်ရသည်။
"ဟိုမှာဆရာမလာပြီ သွားရအောင်"
ဆရာမ အဆောင်ပေါ်တက်သွားတာမြင်တာနဲ့ သူတို့လည်း နောက်ကနေ လိုက်တက်ရသည်။
"ဟိုဆရာမပဲ"
ဘုန်းပြည့်စကားကို သိင်္ဂါက ခေါင်းညိတ်ကာ
"အရင်တစ်ပတ်အချိန်တုန်းက မှူးဆက်နဲ့ ငြိပြီးပြီ"
"Oh God!! ကြည့်လုပ်ဦး ဒီနှစ်ကျောင်းမနားချင်တော့ဘူး"
အတန်းထဲရောက်တော့မှူးဆက်တို့အုပ်စုက ထိုင်နေကျ နောက်ဆုံးခုံမှာ ဝင်ထိုင်သည်။ဘုန်းပြည့်က ယံယံ့ဘေးအတင်းဝင်တိုးထိုင်သည်။အတန်းရှေ့ကဆရာမက ထိုအဖြစ်အပျက်ကို သေချာကြည့်ကာ
"ဒီတစ်ခါတော့ လူစုံသွားပြီပဲ ကြိုပြောမယ်နော် မသင်ချင်ထွက်သွား ငါစာသင်နေတာကိုတော့ အနှောက်အယှက်မပေးနဲ့"
စာသင်နေရင်း ညဦးယံတစ်ယောက် မှူးဆက်ကို မသိမသာလှမ်းကြည့်မိတော့ hoodie ဦးထုပ်ကိုခေါင်းမှာစွပ်ချထားကာ mask ကို နှာခေါင်းထိဖုံးထားပြီး မလှုပ်မယှက် ငြိမ်နေကာ စာလိုက်ကြည့်နေတာလား ငိုက်နေတာလား မသဲကွဲ။
အင်္ဂလိပ်ချိန်က တစ်ပတ်ကို ၂ရက်သာပါသည် ။၂ရက်လုံးကလည်း ၂ချိန်ဆက်မို့ အတန်းချိန် ပြီးသွားတဲ့ အခါမှာတော့ လူလည်း တော်တော် ညောင်းကိုက်နေပြီ
"အားး toilet ဝင်ချင်နေပြီ ယံယံ အေးဆေးဆင်းလာနော် ငါတော့ ပြေးပြီ"
သော်သော် ဒရောသောပါး ပြေးသွားတဲ့ ပုံကို ကြည့်ပြီး ရယ်မိကာ စားပွဲပေါ်က သူ့စာအုပ်ရော သော်သော့်စာအုပ်ပါ ပေါင်းကိုင်ကာ အေးအေးဆေးဆေးပဲ အတန်းထဲက ထွက်လာလိုက်တော့သည်။
လှေကားအဆင်း ဘောင်းဘီ အိတ်ကပ်ထဲကဖုန်းသံထွက်လာတာနဲ့ ဖုန်းထုတ်ပြီး ဖုန်းကို အာရုံရောက်နေတုန်း နောက်ကနေ တစ်စုံတစ်ယောက်ရဲ့ဝင်တိုက်ခံလိုက်ရတော့လူက ရှေ့ကို ယိုင်ကျသွားပြီး လှေကားပေါ်က ကျကာနီးဆဲဆဲ ခါးမှာ တင်းကြပ်စွာခံစားလိုက်ရတဲ့ အထိအတွေ့နဲ့အတူ ကျောပြင်တစ်ခုလုံးက တစ်ယောက်ယောက်ကိုယ်ထဲ နစ်ဝင်နေသလို။
"ကျစ်... နှစ်ခါရှိပြီ လှေကားက ကောင်းကောင်း မဆင်းတတ်ဘူးလား "
"ဟင် "
ခါးက လက်တွေ ပြေလျော့သွားကာ ဘေးမှာ ရပ်ပြီး သူ့ကို စကားဆိုနေတဲ့ မင်းခန့်မှူးဆက်။
မဟုတ်မှ ခုနက လှမ်းဖမ်းလိုက်တာ မင်းခန့်မှူးဆက်လို့တော့ မပြောနဲ့နော်။။။
"ဘာလဲ"
သူကြောင်ကြည့်မိနေတာကို မျက်မှောင်ကြုံ့ပြီး ဘာလဲလို့ခပ်ဆတ်ဆတ်မေးလာတော့မှ အသိပြန်ဝင်လာကာ
"ကျေး...ကျေးဇူးပဲနော်"
"မလိုဘူး ရတယ် "
ခပ်ပြတ်ပြတ်ပြောပြီးတာနဲ့ အောက်ကို တန်းဆင်းသွားတော့သည်။
မင်းခန့်မှူးဆက်ကို တစ်ယောက်ထဲတွေ့လိုက်ရတာကြောင့် နောက်လှည့်ကြည့်မိတော့ ဘုန်းပြည့်ရော ကျန်တဲ့လူတွေရော အရိပ်အယောင်တောင် မမြင်ရ။
"ဘယ်ရောက်ကုန်ကြတာလဲ"
Toiletကနေ သော်သော်ထွက်လာတာစောင့်ရင်း သော်သော်နဲ့ အတူ ကန်တင်းရောက်လာတော့ ထုံးစံအတိုင်း ရှားရှားက စားပွဲဦးထားပေးပြီးသား။နှစ်ယောက်သား ဝင်ထိုင်လိုက်တော့ ရှားရှားက သူတို့နှစ်ယောက်ကိုကျော်ကြည့်ကာ
"ဟိုကောင်ရော မပါဘူးလား"
"အင်း"
ဘုန်းပြည့်ကိုမေးမှန်းသဘောပေါက်လို့ ပြန်ဖြေပြီးကာမှ နောက်ကနေ ဆိုင်ကယ်နဲ့ဝင်လာတာကိုမြင်လိုက်ရသည်။
"သြော် ဟိုမှာလေ"
ဝင်လာတဲ့ ဆိုင်ကယ်နှစ်စီးကို သူမေးငေါ့ပြလိုက်တော့ ရှားရှားက မင်းခန့်မှူးဆက်တို့နဲ့ အတူ ဝင်လာပြီး သူတို့ဆီ မလာပဲ အထဲဝိုင်းဝင်သွားကြတာကို ကြည့်ကာ
"အဲ့ကောင်ကို ကြည့်လို့ကိုမရဘူး"
"ရော် မတွေ့တော့လည်း မေးသေးတယ် တွေ့တော့ကျလည်း ကြည့်မရဘူးဆိုတော့ နင်တို့ဘာဖြစ်နေကြတာလဲ"
သော်သော်က မေးလာတော့မှ သူလည်းသတိရကာ
"ဟုတ်သားပဲ ငါ့အိမ်လာတဲ့နေ့ကလည်း နှစ်ယောက်က ရန်စနေသလိုပဲ"
"အဲ့ကောင်ပေါ့ သူနဲ့ငါနဲ့ fb မှာ friend ဖြစ်ထားတယ်လေ အဲ့တော့ ငါက စကားသွားပြောတာ ပြောတယ် ဆိုတာကလည်း အကူအညီတောင်းတာပါ သိင်္ဂါက ငါ့ အကောင့်ကို ခုထိ လက်မခံလို့ သူတို့က သူငယ်ချင်းပဲဟာ သိင်္ဂါဖုန်းယူပြီး ငါ့ အကောင့်လေး လက်ခံပေးဖို့ ပြောတာကို ဒင်းက မလုပ်ပေးနိုင်ဘူးတဲ့လေ "
"အေးလေဟယ် နင်ကလည်း မိန်းကလေး ဖြစ်ပြီးတော့ နည်းနည်းပါးပါးထိန်းပါအုံး"
ရှားရှားစကားကို ခုမှသဘောပေါက်တဲ့သူက ပါးစပ်အဟောင်းသားဖြစ်သွားရကာ
"နေ ..နေပါအုံး အဲ့ဒါဆို နင်က သိင်္ဂါကို ကြိုက်နေတာလား"
"အေးလေ ဒီကျောင်းမတက်ခင်ကတည်းက သူ့ကို မြင်ဖူးပြီး crush ခဲ့တာ ဟီးဟီး ခုမှ ကြိုးစားမလို့"
"ငါက နင် မင်းခန့်မှူးဆက်ကို ကြိုက်နေတယ်မှတ်လို့"
"အာ ဘယ်ကသာ အမှူးကိုက ချောလို့ ဒီတိုင်းမျက်စိအစာကျွေးတာ ဟဲဟဲ"
"သြော်...."
သြော်ဆိုတဲ့စကားကို ခပ်လေးလေးရွတ်မိရင်း မိန်းကလေးတွေရဲ့ လူအများကြီးသဘောကျနိုင်စွမ်းကို အံသြရပြန်သည်။
~~~~
"အာ မမက လုပ်ပြီ ကျွန်တော်က လာကြိုခိုင်းတယ် မှတ်လို့ ဟိုကောင်တွေကိုတောင် ပြန်ခိုင်းလိုက်တာ ခုကျ ဆိုင်ကယ်ထားခဲ့ဆိုတော့ ကျွန်တော်က ဘယ်လိုပြန်ရမှာလဲ"
မှူးဆက် အတန်းပြီးတဲ့အချိန် မခြူးက ဖုန်းလှမ်းဆက်တော့ မနက်က ဆိုင်ကယ်မပါလို့ လာကြိုခိုင်းတယ်ထင်ပြီး ရောက်လာကာမှ ဆိုင်ကယ်ဓားပြတိုက်နေတဲ့ အဖြစ်ကြုံရသည်။
"အဲ့ဒါဆိုလည်း ညနေ ၅နာရီထိစောင့်လေ တူတူပြန်မယ်"
"ကျွန်တော် သွားစရာရှိသေးတယ် သူငယ်ချင်းတွေနဲ့ ပြန်လာလို့မရဘူးလား"
"ဆိုင်ကယ် မလောက်လို့ပေါ့ဟဲ့ "
"ကျစ်"
မှူးဆက် စိတ်ရှုပ်ကာ ဆံပင်တွေ ထိုးဖွမိတော့ မခြူးက အစွမ်းကုန်ပြုံးပြကာ ပွသွားတဲ့ ဆံပင်တွေကို မမှီမကမ်း ခြေဖျားထောက်ကာ လှမ်းဖိပေးပြီး
"အဲ့ဒါဆိုလည်း အမ ကြံပါအုံးမယ် ငါ့မောင်ရယ်"
၃နာရီခွဲ သူတို့အတန်းပြီးသွားပေမယ့် ရှားရှား အတန်းကမပြီးသေးတော့ အတူလာတဲ့ သော်သော်က ရှားရှားကို စောင့်ဖို့ သင်္ချာဆောင်ဘက်ထွက်သွားခဲ့သည်။ဘုန်းပြည့်က ၂ခွဲအချိန်ပြီးကတည်းက အရမ်းအိပ်ချင်နေပြီ ဆိုကာ ပြန်သွားခဲ့တော့ ဒီနေ့တော့ သူတစ်ယောက်ထဲပြန်ရတော့မယ်လို့ တွေးရင်း ဆိုင်ကယ်ရပ်ထားတဲ့ဆီ လျှောက်လာနေတုန်း
"မောင်လေး ညဦးယံ ခဏ ခဏ"
ခေါ်သံကြားလို့ ကြည့်လိုက်တော့ မခြူးရည် ဖြစ်နေကာ ဘေးမှာ မင်းခန့်မှူးဆက်ကပါ အတူရပ်နေသေးသည်။သူ ခပ်လန့်လန့်နဲ့ပဲ ပြန်ပြုံးပြလိုက်ကာ အနားလျှောက်သွားတော့
"မောင်လေး အတန်းပြီးပြီလား ပြန်တော့မလို့လား"
"ဟုတ် အမ"
"အဲ့ဒါဆို အတော်ပဲ အမ..."
"နေဦး နေဦး ကျွန်တော့်ကို သူနဲ့အတူပြန်ရမယ်လို့တော့ မပြောနဲ့နော် "
မခြူးရည် စကားကို မှူးဆက်က ကြားဖြတ်ပြောတာ ကြားလိုက်ရပေမယ့် ဘာ အဓိပ္ပါယ်လဲဆိုတာ သူသဘောမပေါက်သေးပါ။
"ဟင်း ဟင်း သေချာတာပေါ့ မောင်လေး အမ အကူအညီ တောင်းမလို့ ဒီမှာ မှူးဆက်လေ အိမ်ပြန်စရာ မရှိလို့ အဲ့ဒါ မောင်လေး ဖြစ်နိုင်ရင် လမ်းကြုံခေါ်သွားပေးပါလား"
"ဗျာ"
"အိမ်ပြန်စရာ မရှိတာ အမ မဟုတ်ဘူးလား"
သူ့အမ မျက်နှာနား ငုံံ့ကာ လေသံတိုးတိုးနဲ့ အံကြိတ်ပြီးပြောတော့ သူ့အမက သူ့လက်ကို လှမ်းရိုက်ကာ
"အသာနေစမ်းပါ အမ အကူညီတောင်းတာပါ မောင်လေးရယ် ခေါ်သွားပေးပါဦးနော် ဟယ် ဟိုမှာ ဆရာမ ခေါ်နေပြီ အမ သွားတော့မယ်နော်"
ညဦးယံ ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ မခြူးရည်က ထွက်သွားတော့ နှစ်ယောက်သား မျက်နှာချင်းဆိုင် ရပ်ကျန်နေခဲ့သည်။
"မင်း"
"ဟို"
စကားချင်းတိုက်သွားတော့ စိတ်ရှုပ်နေပုံရတဲ့ မင်းခန့်မှူးဆက်က မျက်နှာကိုဖုံးထားတဲ့ maskကို မေးစေ့အောက်ဆွဲချကာ သူ့မျက်နှာကို လှည့်အကြည့်...
အကြည့်ချင်းဆုံမိသွားတဲ့တစ်ခဏ ကော့ညွှတ်နေတဲ့မျက်ဝန်းနက်နက်တွေရယ် ရဲနေတဲ့ နှုတ်ခမ်းထူထူအောက်မှာ သူနောက်ထပ်တစ်ကြိမ် ကျရှုံးရပြန်သည်။
သူ့ကမ္ဘာ ဒီနားတင် ရပ်တန့်သွားခဲ့ပြန်ပြီ။
TBC~~~