အပိုင်း ၃၅

4.8K 766 16
                                    

တိမ်စိုင်များသည် ရွေ့လျားနေသည်။ နိမ့်ဆင်းနေသည်ဟု သုံးနှုန်းပါမှ ပိုမှန်ပါလိမ့်မည်။ အလိပ်အလိပ်နှင့် တိမ်စိုင်တိမ်ခဲများသည် ကောင်းကင်ထက်မှနေ၍ တဖြည်းဖြည်းရွေ့လျားနိမ့်ဆင်းလာသည်။ မြင့်မားသော တောင်ထိပ်စွန်းရှိ ကျောက်ဆောင်မြင့်များနှင့် ထိတွေ့သည့်အခါ ရှေ့ဆက်မသွားချင်တော့ဟန် နေရာမှာရပ်သည်။

လျှပ်စီးကြောင်းသည် ကောင်းကင်ပြင်မှာ ထင်ဟပ်သည်။ နားကွဲမတတ် ကျယ်လောင်လွန်းလှသော ဒုန်းခနဲ မိုးခြိမ်းသံက ကောင်းကင်ကြီး အက်ကွဲသွားသည့်အလား။ အဂ္ဂ၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ သွေးစွန်းနေသော မျက်နှာသည် ခံစားချက်မရှိ။ အသက်မပါသော၊ ၀ိညာဥ်ကင်းမဲ့သော အကြည့်များသည် တိမ်စိုင်တိမ်မည်းများနှင့်အပြိုင် ကြောက်စရာကောင်းသည်။

အဂ္ဂ၏ခြေရင်းတွင် လဲကျနေသော သတ္တ၀ါတစ်ကောင်။ မကြာခင်လေးတင်ကမှ အတ္တ၏မိဘများကို သတ်ဖြတ်သွားခဲ့သော သတ္တ၀ါဖြစ်သည်။ ဦးခေါင်းသည် ကိုယ်ခန္ဓာထက် အဆမတန်ကြီးမားနေသည်။ ပျောက်ကွယ်လုနီးနီး သေးငယ်နေသော နားရွက်၊ မျက်လုံးများကိုမူ မမြင်ရ။ မျက်နှာတစ်၀က်ခန့်ကို နေရာယူထားသော ခံတွင်းပေါက်သည် ပွင့်ဟနေပြီး အတိုအရှည်မတူညီသော သွားချွန်များသည် ကြောက်မက်ဖွယ်။ ခရမ်းပုပ်ရောင်သတ္တ၀ါကြီးသည် အသက်မရှိတော့။ ၎င်း၏ကိုယ်ခန္ဓာမှ ရိရွဲရွဲ အရည်များပျော်ကျနေပြီ။

"မသွားနဲ့ကိုကြီး"

မြေအောက်လှိုဏ်ခေါင်း အပေါက်၀မှ ထွက်ရန်ပြင်နေသူကို အတ္တ တားလိုက်သည်။ ဧကနှင့် နောက်လိုက်လူငယ်အချို့ အသက်ရှင်ကျန်နေသေးသည်။ ဧကသည် ယခုနေရာသို့ ရောက်လာကတည်းက တစ်ခုခုမှားယွင်းနေပြီဆိုတာကို နားလည်သည်။ တောင်ချွန်းကြီးများ၏ အ၀င်၀တွင် အစောင့်စစ်သားများကို မမြင်ခဲ့ရ။ စိတ္တနှင့် လူငယ်တစ်ချို့ကို အပြင်မှာထားခဲ့သည်။ စခန်းအတွင်းမှ သေနတ်သံများသည် သူတို့အတွက်မဟုတ်။ အံ့သြခြောက်ခြားဖွယ် မြင်ကွင်းများအတွက် တွေ‌ေ၀နေရန် အချိန်မရှိခဲ့။ လွတ်ထွက်လာသော သတ္တ၀ါများနှင့် ရင်ဆိုင်သတ်ဖြတ်နေသော သတ်ကွင်းကို ရှောင်ရှားရင်း အဂ္ဂနှင့်အတ္တတို့ရှိရာသို့ အတင်းလမ်းပြခိုင်းကာ ရောက်လာခဲ့ခြင်းဖြစ်သည်။

HEXAGONWhere stories live. Discover now