စိုထိုင်းထိုင်းအခန်းတွင်းတွင် ပုပ်ဟောင်ဟောင် အနံ့ဆိုးသည် အော်ဂလီဆန်ချင်စဖွယ်။ သို့သော် နေသားကျနေသူများအတွက် ဘာမှမထူးခြားတော့။ မှိုတက်နေသော စားပွဲပေါ်တွင် ပေါင်မုန့်စများ ပြန့်ကျဲနေသည်။ မြေကျင်းပေါက်မှ ကြွက်ကြီးတစ်ကောင်သည် ခေါင်းပြူကြည့်ကာ အလစ်ချောင်းနေသည်။ မျက်လုံးရဲရဲ၊ အမွှေးပွပွနှင့် ကြောက်စရာ။ အခန်းတွင်းရှိ ညစ်ထေးထေးစားပွဲအောက်မှ ပေါင်မုန့်စများမှ မွှေးရနံ့သည် သူ့ကို ပိုပြီးအတင့်ရဲလာစေသည်။ သို့ရာတွင် လူသံများကြောင့် မလှုပ်ရဲသေး။
"ဒီည ဟိုကောင်နဲ့ တွေ့ကြမယ်မဟုတ်လား"
"ဟုတ်ကဲ့ပါ ဆရာကြီး"
"ဒီကောင့်မှာ လက်နက်ပါမှာ သေချာတယ်"
"ကိစ္စမရှိဘူး ဆရာကြီး၊ ကျွန်တော်တို့ဖက်က လူနှစ်ဆယ်နီးပါး သွားကြမှာ၊ ဒီတစ်ခါ ပြေးမလွတ်ဘူး"
အောက်နှုတ်ခမ်းတွဲလူကြီးသည် ရွံရှာဖွယ်ပြုံးကာ စိမ့်ကျလာသော သွားရည်များကို သုတ်သည်။ မျက်တွင်းဟောက်ပက်နှင့် ဆရာကြီးဆိုသူ၏ ညစ်ထေးထေး သံခွက်ထဲသို့ ၀ိုင်အရက်များ လောင်းထည့်ပေးသည်။ အမှိုက်စနများရောနေသော ၀ိုင်အရက်ကို အရသာခံသောက်နေပြီး မျက်လုံးမှေးစင်းနေသည်။
"ဟိုကောင်လေးနှစ်ယောက်ကိုရော ဘာလုပ်လိုက်ရမလဲ ဆရာကြီး၊ အခုနောက်ပိုင်း ဒီကောင် အပြင်ထွက်တိုင်း အဲ့ဒီ့နှစ်ယောက် ပါတတ်တယ်"
"ငချွတ်နှစ်ကောင်လား၊ သတ်ပစ်လိုက်၊ ဘာမှအရေးမကြီးဘူး၊ ဟိုကောင် ကိုပဲရအောင်ဖမ်း"
"ဟုတ်ကဲ့ ဆရာကြီး၊ ဟုတ်ကဲ့"
"ဟား ဟား ဒင်းအဖေကိုတော့ တွေ့ချင်သားပဲ"
မျက်လုံးဟောက်ပက်လူကြီးသည် ခေါင်းမော့ရယ်နေသည်။ သူသည် ဒီဒေသမှ လူမိုက်မဟုတ်။ အခြားနေရာများမှ လက်အောက်ငယ်သားများနှင့် ပြောင်းလာခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် မြေအောက်ရေများ ရှိနေသော ဒီဒေသကို မျက်စိကျနေသောကြောင့်ပင်။ ယခုတော့ မြေအောက်ရေများသည် ခန်းခြောက်လုလုဖြစ်ကာ ရှိနေသောရေများသည် သောက်သုံးဖို့ရန် မဖြစ်နိုင်တော့။ နေရာထပ်ပြောင်းဖို့ မျှော်လင့်ချက်မရှိသည့်အတွက် ဧက သည်သာ နောက်ဆုံးပစ်မှတ်ဖြစ်သည်။ နောက်ယောင်ခံလိုက်ရန် ကြိုးစားသော်လည်း မအောင်မြင်။ ငချွတ်များကို ၀ယ်သွားပြီးကတည်းက နောက်ထပ် သူတို့နှင့်အဆက်အသွယ်မလုပ်တော့ဘဲ ရှောင်နေသည်။ အနုနည်းနှင့်မရမှတော့ အကြမ်းနည်းနှင့် ဖမ်းဆီးနှိပ်စက်ရုံသာရှိသည်။
YOU ARE READING
HEXAGON
Science Fictionရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။