အပိုင်း ၆

7.9K 1.3K 190
                                    

သစ်ပင်ရိပ်သည် အေးမြသည်။ ခြံထောင့်ရှိဗာဒံပင်သည် အကိုင်းအခက်များ ‌ေ၀ဆာလျက် အုပ်ကာမိုးထားသည်။ ကြွေကျနေသော လက်သည်းခွံအရွယ် ပန်းပွင့်လေးများသည် အပင်အောက်ခြေတွင် ပြန့်ကျဲနေသည်။ သစ်ပင်ရိပ်အောက် မြေပြင်တွင် အဂ္ဂ လှဲလျောင်းနေသည်။ ဖတ်လက်စစာအုပ်ကို မျက်နှာပေါ်မှောက်အုပ်ထားသည်။ လက်ဖ၀ါးနှစ်ဖက်ကို ဘေးနှစ်ဖက်မှာ ဆန့်တန်းချထားသည်။ အနားမှ ဆူညံသံများကို ဘာမှမကြားသလို ငြိမ်သက်လျက်။

နန္ဒနှင့် စိတ္တသည် မလှမ်းမကမ်း မြေပြင်ပေါ်တွင် ငုတ်တုတ်လေးတွေ။ တုတ်တစ်ချောင်းစီကိုင်ပြီး မြေကြီးကို ဆွနေသည်။ မဟုတ်သေး။ စိတ္တ၏ တုတ်ကို နန္ဒက အတင်းလိုက်ဖယ်နေခြင်းဖြစ်သည်။

"ဖယ်စမ်းပါ"

"ထားလိုက်၊ နှောင့်ယှက်မနေနဲ့"

"ဟော ဟော.. ကြည့် တွေ့လား၊ အသေကောင်ကို လာသယ်ကြပြီ"

"စိတ်ပုပ်စိတ်ယုတ်ကောင်၊ မင်း လူယုတ်မာ"

နန္ဒ၏ အဆဲကိုရော အဆူကိုပါ မကြားရသလို စိတ်၀င်တစားပင် မြေကြီးပေါ် ဖင်ဗူးတောင်း ထောင်နေသည်။ တကယ်တော့ ပုရွက်ဆိတ်နီများကို စိတ္တ နှောင့်ယှက်နေခြင်းဖြစ်သည်။ ပထမဆုံး တန်းစီသွားနေသော ပုရွက်ဆိတ်ကောင်များကို တန်းပျက်စေရန် ကျောက်ခဲတုံးတွေ လိုက်ချသည်။ ကျောက်ခဲနှင့်ပိတ်လျှင် ဘယ်သွားရမှန်းမသိတော့ဘဲ ပတ်ချာလည် ဗျာများနေကြသည်ကိုကြည့်ကာ ဟားတိုက်ရယ်သည်။ ထို့နောက် တန်းဖျက်ရသည်ကိုပျင်းကာ ပုရွက်ဆိတ်တွေ လိုက်သတ်သည်။ အသေကောင်ကို တုတ်နှင့်ထိုးကာ နေရာရွှေ့သည်။ အလောင်းလာသယ်သည့် သူငယ်ချင်းများကိုပါ ထပ်သတ်သည်။ ဒီတော့ နန္ဒ စိတ်ဆိုးသည်မှာ မထူးဆန်း။

"အား ကိုက်တယ် ကိုက်တယ်"

ဖင်ကုန်းရင်း ပုရွက်ဆိတ်နှင့်စစ်ခင်းနေရာမှ အလစ်ငိုက် တိုက်ခိုက်ခံလိုက်ရသည်။ ဘယ်အချိန်က ဘောင်းဘီထဲ၀င်သွားမှန်းမသိသော ပုရွက်ဆိတ်တစ်ကောင် ပေါင်ကိုကိုက်သောကြောင့် တွန့်လိမ်နေသည်။ နန္ဒ အော်ရယ်တော့သည်။

"ကောင်းတယ်"

"အား အား.. လုပ်ဦး၊ လုပ်ဦး၊ ကျောထဲ၀င်သွားပြန်ပြီ"

HEXAGONWhere stories live. Discover now