အပိုင်း ၁၄

5.6K 1K 43
                                    

ပျော်ရွှင်နေသော ကလေးများ၏မျက်နှာသည် နေပူရှိန်ကြောင့် ချွေးစိုနေသည်။ ဖုန်အလိမ်းလိမ်းနှင့် တစ်ကိုယ်လုံး ညစ်ပေကာ ပြန်လာကြသောကြောင့် အတ္တ မပြုံးဘဲမနေနိုင်။

"ပျားတွေ တွေ့ခဲ့လား"

"အင်း..သုံးကောင်"

"မဟုတ်ပါဘူး လေးကောင်ပါ"

"ဒီလောက်ရှိတယ်၊ ပန်းတွေထဲ၀င်သွားတယ်"

အငယ်ဆုံးလေးက လက်ဆစ်နှင့်အရွယ်အစားပြရင်း ဖြေသည်။ အပေါ်ရှေ့သွားသုံးချောင်းစလုံး ကျိုးနေသောကြောင့် ပြုံးရယ်လိုက်လျှင် ချစ်စရာကောင်းသည်။

"သူတို့ကို လုပ်သားပျားလို့ခေါ်တယ်၊ ၀တ်ရည်စုပြီး ပျားအုံကို ပြန်ပို့ရတယ်၊ အဲ့ဒီ့မှာ ကင်းစောင့်တဲ့ ပျားတွေရှိတယ်၊ ကိုယ့်ပျားအုံက ပျားတွေပဲ အ၀င်ခံတယ်၊ အပြင်အန္တရာယ်ရှိရင်လည်း သတင်းပို့တယ်"

"ပျားတွေက စနစ်ရှိလိုက်တာနော် ကိုကြီး အတ္တ"

"ဟုတ်တယ်၊ သန့်ရှင်းရေးပျားဆိုရင် အသေကောင်တွေကို အပြင်ထုတ်တာမျိုးတွေ ဆဲလ်တွေ သန့်ရှင်းအောင်ထားတာမျိုးတွေလုပ်တယ်၊ ၀တ်ရည်စုတဲ့ပျားတွေ၊ ပျားသလပ်ဆောက်ဖို့ ပျားတွေ အားလုံး သူ့တာ၀န်နဲ့သူ၊ ပျားလောင်းတွေကို ဂရုစိုက်ပြုစုပေးတဲ့ ပျားထိန်းတွေတောင် ရှိတယ်၊ သူတို့က ပျားဘုရင်မ ဖြစ်လာမယ့် သားလောင်းကိုရွေးပြီး တခြားကောင်တွေထက် ပိုထူးခြားတဲ့ အစာအာဟာရကျွေးတယ်၊ ဒါ့ကြောင့် ပျားဘုရင်မတွေဟာ အရွယ်အစား ပိုကြီးတာ၊ သူကတော့ မျိုးပွားဖို့အတွက်ဆိုတာ မင်းတို့သိတယ်မဟုတ်လား"

"အငယ်လေးရေ"

နန္ဒ၏ခေါ်သံကြောင့် အားလုံးပြိုင်တူ လှည့်ကြည့်ကြသည်။ အကြီးများသည် အတ္တကို နာမည်နှင့်ခေါ်သည်ရှားသည်။ အငယ်လေးဟုသာ သုံးနှုန်းဖြစ်သည်မှာ ကြာခဲ့ပြီ။ စာကြည့်တိုက်ခန်း ပြတင်းပေါက်ဘောင်ကို လက်ထောက်ရင်း လက်ယက်ခေါ်နေသော နန္ဒကြောင့် ကလေးများ ဗာဒံပင်အောက်မှ ၀ုန်းခနဲ ပြေးထွက်သွားသည်။ အတ္တ နေရာမှမရွှေ့ဖြစ်ပေမယ့် နန္ဒဘေးတွင်ရှိနေသူကို လှမ်းကြည့်မိသည်။

HEXAGONWhere stories live. Discover now