အပိုင်း ၁၃

5.6K 1.1K 105
                                    

ထမင်းစားခန်းကြီးထဲတွင် မွှေးကြိုင်သော မုန့်ရနံ့သင်းပျံ့နေသည်။ နွားနို့၊ ပျားရည်၊ ဂျုံ၊ ကြက်ဥတို့ကို သမအောင်ရောမွှေထားသည့် ကိတ်မုန့်သည် မုန့်ဖိုထဲမှာ ကြွတက်လို့နေပြီ။ စားချင်စဖွယ် မွှေးရနံ့သည်လည်း သင်းကြိုင်လျက်။ ယခုအချိန်ထိ ခေါင်းတုံးပြောင်နှင့်ဖြစ်သော စိတ္တသည် မုန့်ဖိုနားမှ မခွာနိုင်။ ခပ်ပွပွနှာခေါင်းထိပ်နှင့် မျက်ခုံးမွှေးကို အပူခံပြီး အနားသို့အတင်းကပ်သည်။

"မရသေးဘူးလား နန္ဒ"

"မင်း မုန့်ဖိုထဲခုန်၀င်ချင်နေတာလား၊ ဖယ်စမ်းပါ"

"ဗိုက်ဆာတယ်"

"ခဏစောင့်ဦး၊ အခုထုတ်လိုက်ရင် အပြင်ပိုင်းကျက်သလိုရှိပေမယ့် အထဲမှာမကျက်သေးဘူး"

စိတ်ရှည်စွာရှင်းပြနေသည့် နန္ဒသည် ကုန်ဆုံးခဲ့သည့်နှစ်များအတွင်း ပြောင်းလဲမှု အများဆုံး ဖြစ်လိမ့်မည်။ ငယ်ရွယ်စဥ်ကလို ခြောက်သွေ့သော အသားအရေပိုင်ရှင် မဟုတ်တော့။ အပြင်သိပ်မထွက်ဘဲ အိမ်မှာပင် အနေများသောကြောင့် အသား၀င်းလာသည့်အပြင် ၂၁ နှစ်အရွယ်၊ အရွယ်တူချင်းဖြစ်သော်လည်း စိတ္တထက် အရပ်ပိုမြင့်သည်။ ဒေါသကင်းကာ ငြိမ်းအေးစွာနေတတ်သော မျက်နှာပိုင်ရှင်ဖြစ်သောကြောင့် မြင်လိုက်ရတာနှင့် ငြိမ်းချမ်းစေသည်။

ကုန်ဆုံးခဲ့သောနှစ်များအတွင်း ဒီပ ကအားလုံးနှင့်ပြဿနာဖြစ်ရန် ဆုံးဖြတ်ထားသည်ဆိုလျှင် နန္ဒက ပြောင်းပြန်။ မည်သည့်ပြဿနာထဲတွင်မှ မပါ။ စိတ္တမှလွဲလျှင် မည်သူနှင့်မှ ရန်ဖြစ်သည်မရှိဘဲ အားလုံးနှင့်တည့်သည်။ မကြိုက်ဘူးဆိုလျှင်တောင် ပွင့်လင်းစွာမပြောရဲသည့် ကောင်လေးတစ်ယောက်သာ။ 

အိမ်မှုကိစ္စများအားလုံးကို တာ၀န်ယူ လုပ်ကိုင်ပေးနေသော်လည်း ဘယ်တုန်းကမှ ငြိုငြင်ခြင်းမရှိခဲ့။ ယခင်က စိတ္တ၏ အကူအညီကို ရခဲ့သေးသည်။ အနားတွင် တ၀ဲလည်လည်နှင့် စိတ်ရှုပ်စရာကောင်းသော်လည်း အဖော်ရသေးသည်။ ယခုတော့ စိတ္တသည် နန္ဒနားတွင် မနေနိုင်တော့။ ခေါင်းတုံးလေးသည် အနုကြမ်းစီး ထောင်ချခံနေရသလို မြေအောက်ခန်းတွင်း ပိတ်မိနေသည်မှာ ကြာခဲ့ပြီ။

HEXAGONWhere stories live. Discover now