အပိုင်း ၃၄

3.9K 745 18
                                    

ပြတင်းပေါက်မှန်တံခါးသည် ပိတ်ထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ပြတင်းမှန်အပြင်ဖက်ရှိ အောက်ခြေနားတွင် ဖုန်အထပ်ထပ်နှင့် ညစ်ပေနေပြီ။ ပိတ်လှောင်နေသော အခန်းကျဥ်းအတွင်းတွင် အသက်ရှူဖို့ရန်ပင် ခက်ခဲနေသည်။ ပူထိုင်းအောင့်သိုးသော လေသည် နှစ်လိုဖွယ်မရှိ။ ချွေးပြန်နေသော အစောင့်စစ်သားများသည် နေရာမှ ထွက်ခွာသွားချင်နေကြပြီ။ သို့သော် ဦးရာဇာ၏အမိန့်ကို မလွန်ဆန်ရဲ။ ခွဲစိတ်ကုတင်ရှိရာသို့ သေနတ်များထိုးချိန်ပြီး မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်။

ခွဲစိတ်ကုတင်ပေါ်တွင် ဘေးတစ်စောင်းလှဲလျောင်းနေသော လူငယ်တစ်ယောက်။ ခပ်ကွေးကွေး ဒူးများကို ကွေးထားသည်။ သံကိုသံချင်းတိုက်မိသောအသံများ တစ်ချက်တစ်ချက် ကြားရသည်။ လက်ကောက်၀တ်နေရာမှ သံကြိုးသည် တုန်ယင်နေသောကိုယ်ခန္ဓာကြောင့် ငြိမ်သက်ခြင်းမရှိ။ နားရွက်ဖျားသည် နီရဲနေသည်။ လိုအပ်သည်ထက် ပိုပြီးတင်းကြပ်စွာ မှိတ်ထားသောမျက်လုံးများသည် ချိုင့်၀င်မတတ်။

ကုတင်ပေါ်ရှိ အတ္တ၏နောက်တွင် ရပ်နေသော ဦးရာဇာ၏ မျက်နှာတွင် ချွေးသီးချွေးပေါက်များ စိမ့်ထွက်နေသည်။ ဆံပင်ဖြူစများသည် ချွေးနှင့်ဆီများရောကာ နဖူးပေါ် ကပ်နေပြီ။ လက်ထဲမှ အပ်ရှည်သည် ချွန်မြကာ ရောင်ပြန်ဟပ်မတတ်။ အနားတွင်ရှိနေသော သူနာပြုဆရာမလေးမှာ ဦးရာဇာကိုတစ်လှည့် အတ္တကိုတစ်လှည့်ကြည့်ရင်းမှ မရဲတရဲဖြစ်လာသည်။

"ဆရာ..ဟို.. ဟိုလေ.. မေ့ဆေး.."

"မလိုဘူး.."

မကျေမနပ် စူးခနဲ လှမ်းကြည့်သောကြောင့် သူနာပြုဆရာမလေး ကြောက်သွားသည်။ ဦးရာဇာ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုနှင့် ဒေါသရောကာ အရောင်တောက်လျက်။ အတ္တ၏ ကျောပြင်ရှိရာ လက်ညှိုးရောက်သည်။ နေရာမှန်ကို ရှာဖွေရန် မခက်ခဲပါ။ အပ်ရှည်၀သည် အရေပြားမှတစ်ဆင့်ကျောရိုးရှိရာ စိုက်၀င်သည်။

သံကြိုးချင်းရိုက်ခတ်သံသည် ပိုကျယ်လောင်လာသည်။ ရုန်း၍မရသောအနေအထားတွင် ခန္ဓာကိုယ်၏ တုန်ယင်မှုသည်မရပ်တန့်။ နာကျင်မှုကြောင့် ဖျတ်ခနဲပွင့်လာသော အတ္တ၏မျက်လုံးများသည် သွေးကြောများထင်းကာ နီရဲနေပြီ။

HEXAGONWhere stories live. Discover now