🌹44🌹

12.2K 1K 12
                                    

(Unicode Version)

အဲဒီနောက်ပိုင်းမှာ တိမ်လွှာက ကျွန်တော့်ကို နေ့တိုင်းမလာဘဲ အားမှသာ လာတွေ့ဖို့ ပြောခဲ့တယ်။ ကျွန်တော်လည်း နှစ်ရက်ခြား၊ သုံးရက်ခြားတော့ သွားကြည့်ဖြစ်ခဲ့တာပေါ့။

"ဒီနေ့ တိမ်လွှာ့ဆီ သွားရမှာလား။"

ရေချိုးခန်းထဲကနေ ကျွန်တော် ထွက်လာချိန်မှာ ဇာနည်နိုင်က လှမ်းမေးပါလေရော။

"မသွားရဘူး။"

အဖြေကို ကြားတော့ သူက ပျော်သွားပုံပါပဲ။

"ဒါဆို ကိုယ်နဲ့ အပြင်ကို ခဏလောက်လိုက်ခဲ့ပေးပါလား။"

"ဘယ်သွားမလို့လဲ။"

"ဟိုရောက်ရင် သိရမှာပေါ့။"

အကြောင်းတစ်ခုခုရှိလောက်မှန်း ကျွန်တော် ရိပ်မိလို့ သူ့ကို ခေါင်းညိတ်ပြပြီး အပြင်သွားဖို့ ပြင်ဆင်လိုက်မိတယ်။ ပြင်ဆင်လို့ ပြီးတာနဲ့ သူက ကျွန်တော့်ကို ဟိုတယ်တစ်ခုဆီ ခေါ်သွားလေရဲ့။

"ဒီမှာ ခဏလေးစောင့်နေဦးနော်။"

ကျွန်တော့်ကို ဟိုတယ်ရဲ့စားသောက်ဆိုင်မှာ နေရာချပေးပြီး သူက အပြင်ကို ထွက်သွားခဲ့တယ်။ ဆယ်မိနစ်လောက်ကြာမှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးနဲ့အတူ သူက ပြန်ရောက်လာတယ်။

အဝေးက လှမ်းကြည့်ရုံနဲ့ အဲဒီအမျိုးသမီးက သူ့အမေမှန်း ကျွန်တော် ခန့်မှန်းမိသလိုပါပဲ။ မျက်လုံးပုံစံနဲ့ နှာတံက တော်တော်လေးဆင်တယ်။

မိဘတွေနဲ့ ပတ်သက်ပြီး တစ်ခါမှ မပြောပြဖူးတဲ့သူက အခုကျတော့ ကျွန်တော်နဲ့ မိတ်ဆက်ပေးဖို့ ကိုယ်တိုင်ခေါ်လာသတဲ့လား။ ဒီလိုအလေးထားမှုကို အမှတ်မထင်ရလိုက်လို့ စိတ်ထဲမှာလည်း ကျိတ်ပြီး ကျေနပ်မိတယ်။

စိတ်ကူးနဲ့ မှန်းဆကြည့်နေတုန်းမှာပဲ သူတို့သားအမိက ကျွန်တော် ထိုင်နေတဲ့နေရာကို ရောက်လာခဲ့တာပေါ့။

"ဘုန်းရှိန်ထက်... ဒါက ငါ့‌မေမေ ဒေါ်နီလာတဲ့။ မေမေ... သူက သားရဲ့အိမ်ထောင်ဖက်လေ။"

အတင်းအကျပ်စီစဉ်ခံခဲ့ရတဲ့ လက်ထပ်ပွဲကို အသိအမှတ်မပြုချင်ပေမဲ့ သူ့နှုတ်ဖျားကနေ သူ့ရဲ့အိမ်ထောင်ဖက်ဆိုပြီး မိတ်ဆက်ပေးခံရတာကိုကျ‌တော့ သဘောတွေ့နေပြန်ရော။ တစ်ခါတလေမှာ ကိုယ့်စိတ်ကိုယ်တောင် နားမလည်‌နိုင်တော့ပါဘူး။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now