🌹18🌹

11.6K 1.1K 19
                                    

(Unicode Version)

အချိန်တွေ ကုန်ဆုံးသွားတာနဲ့အမျှ ကျွန်တော်နဲ့ ဇာနည်နိုင်ရဲ့ခင်မင်မှုက ပိုတိုးလာခဲ့တာပေါ့။ အကျင့်စရိုက်မတူတဲ့ လူနှစ်ယောက်က ဒီလောက်အထိရင်းနှီးသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ။

ဒါပေမဲ့ ကမ္ဘာလောကထဲမှာ ထူးဆန်းအံ့သြဖွယ်ဖြစ်ရပ်တွေက အမြဲရှိတတ်တာပဲလေ။ ကျွန်တော်တို့ကလည်း အံ့ဖွယ်စာရင်းထဲမှာ ပါသွားလို့ နေမယ်။

"ဘုန်းရှိန်ထက်... ငါ့ကို ဒီစာလေး ရှင်းပြပေးပါလား။"

"အင်း... ဘယ်ဟာလဲ။"

ကျောင်းကို ရောက်ကတည်းက အိမ်ပြန်တဲ့အချိန်အထိ ကျွန်တော်တို့ အမြဲအတူရှိခဲ့ကြတာ။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့စာကျက်ချိန်၊ နေ့လယ်စာစားချိန်နဲ့ အနားယူချိန်တွေကအစ ထပ်တူကျနေခဲ့လေရဲ့။

"ဇာနည်..."

မြတ်နိုးရဲ့ခေါ်သံကို ကြားတော့ စာလုပ်နေရင်းကနေ ကျွန်တော်တို့ ပြိုင်တူမော့ကြည့်လိုက်မိတယ်။

"ဘာကိစ္စရှိလို့လဲ။"

ဇာနည်နိုင်နဲ့ မြတ်နိုးရဲ့(၇)လကြာဆက်ဆံရေးက တိုးတက်မလာခဲ့သလို ကျွန်တော်နဲ့ တိမ်လွှာကလည်း မူလအခြေအနေအတိုင်းပါပဲ။ ဇာနည်နိုင်က မြတ်နိုးကို သဘောကျတဲ့အရိပ်အယောင်မျိုး မမြင်ရပေမဲ့ (၇)လကြာအောင် ဘာကြောင့်တွဲခဲ့ရသလဲဆိုတာကတော့ အားလုံးအတွက် ပဟေဠိတစ်ခုလို ဖြစ်နေခဲ့တာပေါ့။

"နောက်ဆုံးစာမေးပွဲကြီးပြီးသွားရင် အပြင်လျှောက်လည်ကြရအောင်နော်။ ဘုန်းရှိန်ထက်လည်း ငါတို့နဲ့ အတူလိုက်ခဲ့မယ်မလား။"

ကျွန်တော့်စကားဆို ဇာနည်နိုင်က နားထောင်မှန်း မြတ်နိုးက သိထားတယ်လေ။ အခုလည်း အဲဒီအချက်ကို အသုံးချပြီး ကျွန်တော့်ကို စစ်ကူတောင်းတဲ့သဘောပါပဲ။

အုပ်စုလိုက်ပွဲတွေကို ဇာနည်နိုင်ရဲ့မွေးနေ့ပွဲပြီးကတည်းက ကျွန်တော် ရှောင်နေခဲ့ပေမဲ့ အခုပွဲမှာ တိမ်လွှာသာ ပါမယ်ဆို လိုက်ခဲ့ဖို့ သဘောတူမိမှာပါ။

"တိမ်လွှာကရော... ဒီတစ်ခါ လိုက်လို့ ရပြီလား။"

အရင်တစ်ခါက လွဲပြီးပြီဆိုတော့ ဒီတစ်ခါ ထပ်အလွဲခံလို့ ဘယ်ဖြစ်ပါ့မလဲ။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)حيث تعيش القصص. اكتشف الآن