🌹37🌹

12K 1K 18
                                    

(Unicode Version)

အကျယ်ချုပ်ကျခံနေရတဲ့ ကျွန်တော့်ကို သူက ခဏလေးတောင် အလစ်မပေးဘဲ စောင့်ကြည့်နေလေရဲ့။

"မနက်ဖြန်ကျရင် တစ်နေရာရာကို ဟန်းနီးမွန်းထွက်ကြရအောင်။ မင်း ဘယ်ကို သွားချင်လဲ။"

သူက ကျွန်တော့်ဘက်ကို ဘေးတစောင်းလှဲပြီး ဦးခေါင်းကို လက်နဲ့ ထောက်ထားရင်းနဲ့ မေးလာခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ မကြားချင်ယောင်ဆောင်ပြီး မျက်စိမှိတ်ထားခဲ့ရတာပေါ့။

"မင်းဆီမှာ Passportတို့၊ Visaတို့ ပါမလာသေးတော့ ပြည်တွင်းကိုပဲ သွားလို့ရဦးမှာ။ နောက်မှ နိုင်ငံခြားခရီးစဉ်ကို ထပ်သွားကြမယ်လေ။"

တစ်ယောက်တည်းမေးပြီး တစ်ယောက်တည်းဖြေနေရတဲ့ အခြေအနေမျိုးကို သူက ကျေနပ်နေပုံရတယ်။ မရပ်မနားကို ဆက်ပြောနေသေးတာ။

"မင်းအမေရဲ့ဇာတိက ပြင်ဦးလွင်နော်။ မင်းလည်း အဲဒီနေရာကို အရမ်းကြိုက်တယ်လို့ ကိုယ့်ကို ပြောဖူးတယ်။ အဲဒီကိုပဲ သွားကြမလား။"

ကျွန်တော် ပြောဖူးတာကို သူက မှတ်မိသေးသားပဲ။ ဒါကလည်း သိပ်တော့ မထူးဆန်းပါဘူး... တချို့အမှတ်တရတွေက ထွေထွေထူးထူးမှတ်သားထားစရာမလိုဘဲ ခေါင်းထဲမှာ အလိုလိုစွဲနေတတ်တယ်လေ။

"ဒါဆို ကိုယ် ပြင်ဦးလွင်ခရီးကိုပဲ ရွေးလိုက်တော့မယ်။"

ဒီနေရာကို ကျွန်တော် ငြင်းလိုက်ရင်လည်း သူက တခြားနေရာကို ပြောင်းပြောဦးမှာ။ သူ့လက်ခုပ်ထဲက‌ ရေလိုဖြစ်နေတဲ့ဘဝမှာ ငြင်းဆန်ခွင့်ဆိုတာကရော ရှိနိုင်ပါ့မလား။

အိမ်ထဲက ထွက်သွားခွင့်မရှိ၊ ဖုန်းသုံးခွင့်မရှိတဲ့အခြေအနေမျိုးနဲ့ လွတ်လပ်မှုမှန်သမျှကို ပိတ်ဆို့ခံထားရတာ။ ဒီလိုပုံစံမျိုးနဲ့ နေနေရတဲ့ ကျွန်တော်က ပျော်နေလိမ့်မယ်လို့များ သူက ထင်မှတ်ထားလေသလား။

တွေးကြည့်လေ၊ ဒေါသဖြစ်ရလေပဲမို့ သူ့ကို လျစ်လျူရှုပြီး ပက်လက်အနေအထားကနေ ကျွန်တော် ကျောခိုင်းလိုက်မိတယ်။ အဲဒါကိုလည်း ဂရုတောင် မထားမိဘူး ထင်ပါရဲ့။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now