"ဖြေပါ ဘာလို့လဲလို့"

သူက Kai ရင်ခွင်ထဲကနေ Kai မျက်နှာကိုမော့ကြည့်ရင်း ပြောလိုက်တော့ Kai က ခေါင်းခါရင်း ချစ်စရာကောင်းစွာ ရယ်သည်။

"မဟုတ်ပါဘူး.. အဲ့ဒါက အမှန်တော့ မင်းများ ပြန်လာမလားလို့ နေ့တိုင်းမျှော်လင့်နေတာပါ။"

Kai က သူ့လက်ကို ခပ်ဖွဖွကိုင်ရင်းပြောလာသည်။
စကားကတော့တတ်ပါ့..

"အမယ်.. ဒါဆို မလာရင် လိုက်လာတော့မလို့လို့ ပြောတာကရော?"

"ဪ အဲ့ဒါကတော့ လိုက်မလာရင် မတွေ့ရလောက်တော့ဘူးလို့ ထင်မိလို့လေ မင်းကမှ မလာဘဲ.."

"ဪ ငါ့အပြစ်ပေါ့"

သူကခနဲ့သလိုပြောရင်း Kai ရင်ခွင်ထဲက ထဖို့ကြိုးစားလိုက်တော့ Kai က အသံပါထွက်အောင်ရယ်ရင်း သူ့ကို အတင်းပြန်ဆွဲဖက်ထားသည်။ အစကတော့ သူလည်း စနောက်ရင်း ရုန်းကန်ပေမဲ့ ခဏတောင်မကြာလိုက်ဘဲ မရုန်းတော့ဘဲ Kai ရင်ခွင်ထဲ ပြန်နေရာယူလိုက်တော့သည်။

"ကြည့်စမ်း တကယ်လည်း ထချင်တာ မဟုတ်ဘဲနဲ့"

Kai က သူ့ခေါင်းကို ပုတ်ရင်း စသလိုနောက်သလို ပြောလေသည်။

"ဟုတ်တယ် မထချင်ဘူးကွာ အမြဲဒီလိုပဲနေချင်တယ်ကွာ ဘာဖြစ်ချင်လဲ"

သူ Kai ရင်ခွင်ကို သူ့ပုခုံးနဲ့ ခပ်ဖွဖွတိုက်ရင်း ပြောလိုက်တော့ Kai ဆီက "အာ ဒီကောင်လေးတော့" လို့ ခပ်တိုးတိုးရေရွတ်သံကို သူကြားလိုက်ရသည်မို့ သူခပ်ဖွဖွရယ်မိသည်။

ထို့နောက် သူတို့နှစ်ယောက် ပြန်လည်တိတ်ဆိတ်သွားမိကြသည်။

"SOO!!"

သို့သော် ထိုတိတ်ဆိတ်မှုက အပြင်ဘက်က Soo နာမည်ကို အော်ခေါ်သံ တစ်ခုကြောင့် ကြာကြာမခံလိုက်ဘဲ ပျောက်ကွယ်သွားရသလို မထင်မှတ်ထားတာမို့ သူတို့နှစ်ယောက်လည်း လန့်ဖြန့်ကာ လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။

"ဘယ်သူလဲ?"

သူတို့ရှိရာ အခန်းဆီသို့ပြေးလာဟန်ရှိသော ခြေသံများကို ကြားလာရသည်နှင့်အတူ သူ အခန်းထဲမှ ခပ်ကျယ်ကျယ် လှမ်းအော်ကာ မေးလိုက်သည်။
Kai ကတော့ ထိုင်နေရာမှထကာ တံခါးနားမှာ သတိအနေအထားနှင့် သွားရပ်နေလေသည်။

Time Travel Where stories live. Discover now