"အေးကွာ.. ဇာတ်လမ်းကတော့ သိပ်မထူးဆန်းပါဘူး.. ငါ.. အသည်းကွဲလာတယ်ပဲ ဆိုပါတော့။"

Soo ရဲ့ စကားကြောင့် သူ ကြောင်သွားမိသည်။

"ဟမ် မင်းဘာပြောလိုက်တာ Soo ? အသည်းကွဲတယ် ? အသည်းကွဲစရာအကြောင်းမှ မရှိ-"

သူ စကားပြောနေရင်းက ခေါင်းထဲဝင်လာတဲ့ အတွေးတစ်ခုကြောင့် စကားကို တစ်ဝက်တစ်ပျက် ရပ်လိုက်မိသည်။
Soo က သူ့ကို ခပ်ပြုံးပြုံး လှမ်းကြည့်နေသည်။.. သို့သော် ထိုအပြုံးထဲတွင် ဝမ်းနည်းနေမှုများက အတိုင်းသား..

"Soo.. မင်း Kai ကို စိတ်ဝင်စားနေခဲ့တာလား..?"

သူ ထင်ခဲ့သည့်အတိုင်းပင် Soo က အသာအယာ ခေါင်းငြိမ့်ပြသည်။

ဒီ အဖြေအတွက် သူ သိပ်ပြီး ထူးထူးခြားခြား အံ့သြ မနေတော့ပါ။.. Soo ကို Kai ရဲ့ ပါတီကို သူ ခေါ်သွားတဲ့ နေ့တုန်းက bar မှာ ထိုင်ရင်း Kai ကို လှမ်း လှမ်း ကြည့်နေတဲ့ Soo ကို သူ တွေ့လိုက်ကတည်းက သူ ဖြစ်လာလိမ့်မည်ဟု ထင်တော့ထင်ခဲ့သည်။

သူ့အထင်အများစုကလည်း များသောအားဖြင့် မှန်တတ်သည် မဟုတ်ပါလား..

ထိုအချိန်ကတော့ မဖြစ်လာသေးတဲ့ ကိစ္စတစ်ခု.. မဖြစ်လာနိုင်ချေလည်း ရှိတဲ့ ကိစ္စတစ်ခုဟု ထင်ကာ Soo ကိုလည်း မေးလို့မကောင်းတာနဲ့ ခပ်လျှော်လျှော် နေခဲ့ခြင်း ဖြစ်သည်။..

ဒါပေမဲ့ စိတ်ဝင်စားနေတာနဲ့ အသည်းကွဲခဲ့တာကတော့ သိပ်မဖြစ်နိုင်.. ဒါဆို မဟုတ်မှလွဲရော..

"Soo မင်း .. သူ့ကို ဖွင့်ပြော ခဲ့တာ လား ?"

သူ့မေးခွန်းအဆုံးမှာ Soo မျက်နှာက ချက်ချင်းဆိုသလို လက်နှင့်အထိခံလိုက်ရသော ထိကရုံးပင်ကလေး ကဲ့သို့ ညှိုးငယ်သွားလေသည်။ ထို့နောက် Soo က ခေါင်းကို ငုံ့လိုက်ကာ သူ့ကို မျက်နှာလွှဲသွားသည်။

"ငါ.. ငါ အမှားကြီးတစ်ခုကို လုပ်ခဲ့တာ Suho.."

Soo အသံထဲကနေတစ်ဆင့် နောင်တတွေ ဝမ်းနည်းမှုတွေ ကို သူ ခံစားနေရသလို..

"တကယ်ပဲ မင်း ဖွင့်ပြောခဲ့တာလား Soo ရယ်..? သူ နဲ့ မင်း နဲ့ က.."

သူ့ကို မော့ကြည့်လာတဲ့ Soo ရဲ့ မျက်နှာကို ကြည့်ရင်း သူပြောလက်စ စကားကို ဆက်မပြောဖြစ်တော့။ ဟင့်အင်း.. ဆက်မပြောထွက်တော့တာ ဆို ပိုမှန်မည် ထင်သည်။
သူ့ကို ကြည့်နေတဲ့ Soo မျက်ဝန်းတို့က မှိုင်းညိုအုံ့ဆိုင်းကာ မျက်ရည် မိုးတွေ ရွာချတော့မလို..

Time Travel Where stories live. Discover now