အခန်း (၄၅)

1.7K 200 0
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၄၅

ဆောင်းရာသီအလယ်တွင် အစိမ်းရောင်ကို နေရာအနှံ့ တွေ့မြင်နေရသေးပေမယ့် ရာသီဥတုက တကယ်အေးလာခဲ့ပြီဖြစ်သည်။ ဆောင်းယာဉ်စွန်းသည့်နေ့တွင် လင်နန်ဒေသ​၏ တစ်နှစ်တာအအေးဆုံးအချိန် ရောက်ရှိလာခဲ့သည်။ ညနေ ၅ နာရီကျော်သွားသည်နှင့်တစ်ပြိုင်နက် စည်ကားနေသော မြို့တော်သည်လည်း အမှောင်ထဲသို့ တိုးဝင်သွားခဲ့သည်။

အခြားနေရာများ​၏ တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့်မတူဘဲ ကွမ်အန်းဘုရင်အိမ်တော်တံခါးရှေ့တွင် အလွန်တက်ကြွနေကြသည်။ အိမ်တော်စစ်သည်များသည် နန်းဆောင်မီးအိမ်များကို ကိုင်ဆောင်ထားကြပြီး လူအုပ်သည် ထိုနေရာတွင် စောင့်ဆိုင်းနေကြသည်။

လီယွမ်မင်သည် သူ့အင်္ကျီလက်ကို ခေါက်ထားပြီး ပခုံးထက်တွင် အပေါ်ရုံခြုံထားပြီး လူအုပ်အလယ်တွင် မတ်တပ်ရပ်နေခဲ့သည်။ မီးရောင်​၏ သိပ်သည်းမှုအောက်တွင် ထူးထူးခြားခြား လှပသော မျက်နှာသည် အထူးပေါ်လွင်နေသည်။ ရပ်နေတာကြာပြီဖြစ်သော နီယင်းသည် သူမ၏လည်ပင်းကို ကျုံ့ကာ အသံတိုးတိုးဖြင့် ညည်းညူနေသည်မှာ ညလေပြင်းတစ်သုတ်ကြောင့် အနည်းငယ် အေးနေမှန်း သိသာလှသည်။ လီယွမ်မင်သည် ဒါကိုမြင်ပြီး စကားတစ်ခွန်းမှ မပြောဘဲ သူ့လက်ထဲက မီးဖိုကို လှမ်းပေးလိုက်သည်။ နီယင်းသည် လျှာထုတ်ကာ ယူလိုက်သည်။

သူမသည် လေ့ကျင့်ရေးကွင်းတွင် တစ်ကြိမ်သာ လေ့ကျင့်ပြီးခါစဖြစ်သည့်အတွက် သူမ၏ ခန္ဓာကိုယ်သည် ပူနွေးနေသောကြောင့် သူမသည် အဝတ်အစားအပို ထပ်ဝတ်လာဖို့ ဘယ်လိုလုပ် တွေးမိမှာလဲ? အခုတော့ သူမ အရမ်းအေးနေခဲ့သည်။ ကံကောင်းထောက်မစွာ အအေးဒဏ်ကို အနည်းငယ်သက်သာစေနိုင်သော လက်ကိုင်မီးဖိုတစ်ခုရှိသည်။

သူမနောက်က ဆယ်ကျော်သက်များသည် ဆောင်းရာသီအဝတ်အစားများကို တူညီစွာ ဝတ်ဆင်ထားကြသည်။ သူတို့သည် ရှည်လျားသော လမ်း​၏ လမ်းဆုံကို စိတ်ဝင်တစားဖြင့် လည်ဆန့်ကာ ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများထဲက စိတ်လှုပ်ရှားနေသည့် အကြည့်များသည် အလင်းရောင် အပြည့်ဖြင့်-- နောက်ဆုံးတွင် သူတို့သည် သူရဲကောင်းဆန်သော ခရိုင်အစောင့်တပ်များကို တွေ့နိုင်တော့မည်ဖြစ်သည်။ လူရိုင်းများကို သုတ်သင်ခဲ့သည့် ခရိုင်အစောင့်များ​၏ ဘုန်းတန်ခိုးကို သူတို့ကြားပြီးပြီမို့ တစ်ဦးတစ်ယောက်ချင်းစီသည် အတောမသတ်နိုင်အောင် လေးစားနေကြသည်။ ကျိုးသ့ဝူသည် ရှေ့တွင်ရှိနေသောကြောင့် ထိုဆယ်ကျော်သက်များသည် ခုန်မထွက်ရဲဘဲ မီးခိုးရောင်အမှောင်၏အဆုံးကို စိတ်မရှည်စွာဖြင့်သာ ကြည့်နေလေသည်။

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now