အပိုင်း(၃၄)

230 28 14
                                    

အလုပ်လုပ်ရတာကအမှန်တော့မခက်လှပါ။ ဂျိုရှုအာက အလုပ်ကိုလည်းသေချာအာရုံစိုက်လှသည်မို့ အမှားတော့နည်းသည်ပင်။ အစမ်းခန့်ကာလပေမို့ အတည်တကျတော့မဖြစ်သေးပါ။ သို့သော်ငြား အတည်ခန့်ခံရမည့်အရည်အချင်းမျိုးရှိသည်ဆိုတာ သူ့အလုပ်မှစီနီယာများကသိလေရာ အားပေးကြလေသည်။

တချို့ကျတော့လည်း ဂျိုရှုအာက ယွန်းဂျောင်ဟန်နှင့်ခင်၍ အဆက်အသွယ်ဖြင့်ဝင်လာသူဟု မကောင်းပြောချင်ကြသည်။ ဒါကိုလည်း ဂျိုရှုအာကတော့ ခပ်ပြုံးပြုံးပါပင်။ တကယ်လည်းဟုတ်နေတာကိုး။

တကယ်လည်း ယွန်းဂျောင်ဟန်ကြောင့် အလုပ်ကိုလွယ်လွယ်ကူကူဝင်နိုင်ခဲ့သလို ယွန်းဂျောင်ဟန်ကြောင့်ပဲ ဒီအလုပ်လုပ်ဖြစ်သွားတာမလား။ သူစိတ်ဝင်တစားမဖြစ်ခဲ့သည့်အလုပ်မို့ တချို့အရာတွေလိုအပ်နေသော်ငြား ယွန်းဂျောင်ဟန်မျက်နှာနေ့တိုင်း ‌မြင်ရဖို့အရေး သူကြိုးစားပါ၏။

ဤသို့ဖြင့်ပင် ဂျိုရှုအာ၏အစမ်းခန့်သုံးလပြီးဆုံးသွားလေရာ အားလုံးထင်ထားသလိုပင် အမြဲတမ်းဝန်ထမ်းဖြစ်သွားလေသည်။ ယွန်းဂျောင်ဟန်သည်လည်း ထိုရက်အတောအတွင်းမှာပင် ရာထူးတိုးသွားလေသည်။

နဂိုကတည်းက ယွန်းဂျောင်ဟန်သည် အရည်အချင်းလည်းရှိပြီး ဝါသနာပါရာအလုပ်လည်းဖြစ်လေရာ သူ့အတွက် ရာထူးတက်ရန်ဆိုတာမခက်ခဲပေ။

ယွန်းဂျောင်ဟန်၏မျက်နှာလေးကပြုံးပျော်နေရာ ဂျိုရှုအာ၏ရင်အစုံလည်း အေးချမ်းရပါ၏။ သည်အစမ်းခန့်သုံးလအတွင်း ဂျိုရှုအာတို့နှစ်ယောက်၏အခြေအနေသည် အရင်လိုသာ။ ဂျိုရှုအာက ကြည့်နေရုံသာဟူသော အခြေအနေဖြင့်အသားကျနေပြီဖြစ်လေသည်။

အလုပ်ချိန်အတွင်း စည်းစောင့်ကာ နာမည်အတိုင်းပင်တပ်ခေါ်ခြင်းမပြုခဲ့။ သူ့ရာထူးအတိုင်းသာ ဆက်ဆံခဲ့သည်။ ယွန်းဂျောင်ဟန်ကတော့ အလုပ်မှာဆို တကယ်ကိုတခြားသူတစ်ယောက်လိုပင်။ အလုပ်နှင့်ပတ်သက်ပါက စည်းစနစ်ရှိသလို သူများအပြောမခံရအောင်လည်း လုပ်ကိုင်တတ်သူဖြစ်လေသည်။

ဝန်ထမ်းများနှင့် ဖော်ဖော်ရွေရွေနေသော်ငြား စည်းတခုအတွင်းသာ။ ဆူသင့်တာဆူ၊ ပြောသင့်တာပြောလေသည်။ formal suitဝတ်ထားသော ယွန်းဂျောင်ဟန်သည် ဂျိုရှုအာ၏စိတ်ထဲတွင် ယခုထိဆန်းသစ်နေဆဲပင်။ ပုံမှန်မြင်နေကျ လွတ်လပ်ပေါ့ပါးသော အသွင်တို့သည် အလုပ်လုပ်ချိန်တွင်တော့ တည်တံ့နေလေ၏။

Hot Chocolate Where stories live. Discover now