အပိုင်း(၁၅)

185 26 0
                                    

ညကသောက်ထားကြသဖြင့် မနက်ခင်းဘက်တွင် သူတို့မထနိုင်သည်မှာအဆန်းတော့မဟုတ်။ ကျောင်းပိတ်ရက်ဖြစ်သည်ဟူသောအသိသည် သူတို့အား အိပ်ချင်စိတ်ကိုပိုမိုဖြစ်ပေါ်စေလေသည်။ နေ့လည်ခင်းဘက်ရောက်မှသာ ဂျိုရှုအာသည် အိပ်ရာမှနိုးလာလေသည်။ နံဘေးကိုကြည့်လိုက်ရာ ယွန်းဂျောင်ဟန်သည်မရှိတော့သဖြင့် အိပ်ရာမှအရင်ထသွားပုံပေါ်လေသည်။

ယွန်းဂျောင်ဟန်အိပ်သော သူ၏‌နံဘေးနေရာသို့ကြည့်ကာ သူပြုံးမိလိုက်ပါသည်။ သူ့အနေနဲ့ မနေ့ညကအနမ်းကိုပြန်လည် သတိရလိုက်မိကာ သူ၏အပြုံးသည်ပိုမိုကျယ်ပြန့်လာလေသည်။

ယခုမှနိုးလာသော ချွဲဆွန်းချောလ်သည်လည်း ဂျိုရှုအာ၏ပြုံးနေသောမျက်နှာကိုမြင်ကာ လန့်၍အိပ်ချင်စိတ်ပင်ပြေလျက် ထထိုင်လိုက်မိလေသည်။

"ဟျောင့်ရာ လန့်သွားတာပဲ ဘာလို့အဲလိုပြုံးပြုံးကြီးလုပ်နေတာလဲ"

"မင်းမသိပါဘူးကွာ"

"မသိလို့မေးနေတာပေါ့ တော်‌ကွာ မသိသလိုပဲနေတော့မယ် ငါသိလိုက်ပြီ ဟိုကောင့်နေရာကိုကြည့်ပြီးရယ်နေတာဆိုကတည်းက ဟိုကောင့်အကြောင်းပဲမလား နိုးနိုးချင်း အမြင်ကပ်စရာတွေမကြားချင်ဘူး သွားသွား မင်းပဲ မျက်နှာအရင်သစ်တော့"

ဂျိုရှုအာသည်လည်း ချွဲဆွန်းချောလ်၏စကားကြောင့် ရယ်ကာ သူပဲအရင်ရေချိုးခန်းဝင်လိုက်လေသည်။ ချွဲဆွန်းချောလ်ကတော့ အိပ်ရာထဲတွင် ဖုန်းကြည့်၍နေခဲ့လေသည်။ ဂျိုရှုအာသည် တခါတည်းရေချိုးလိုက်ကာ အဝတ်လဲပြီးနောက် အခန်းပြင်သို့ထွက်လာလိုက်သည်။

မီးဖိုဘက်သွားရန်ပြင်လိုက်သော် ထမင်းစားပွဲပေါ်တွင်တင်ထားသော ပန်းကန်များကိုမြင်လိုက်ရလေသည်။ အသားနှင့်အသီးရွက်များဖြင့် စားချင့်စဖွယ်ဖြစ်နေသော ခေါက်ဆွဲသုံးပန်းကန်၊ အသည်းပုံ ပုံစံလုပ်ထားသော sausage များနှင့် ကြက်ဥသုံးလုံးအား မကျက်တကျက်ကြော်ထားသည်များသာဖြစ်သည်။ ခရမ်းချဉ်သီးလေးများနှင့် ဆလပ်ရွက်လေးများကိုတောင် ကြွေပန်းကန်ပြားလေးဖြင့် သက်သက်ထည့်ထားသေးသည်။ အမြင်နှင့်ပင် အရောင်‌အသွေးစုံလင်ကာ စားချင့်စဖွယ်ဖြစ်စေလေသည်။ ကြည့်လေကြည့်လေ ဗိုက်ဆာလာစေလေသည်။

Hot Chocolate Where stories live. Discover now