အပိုင်း(၂၈)

197 23 9
                                    

ဘာမှမပြောပဲ ရပ်ကြည့်နေသော ဂျိုရှုအာကို ဆိုဖီကလည်းမမှု။ အခြေအနေသည် အကြည့်နှင့်စစ်ဖြစ်နေခြင်းပင်။ ဂျိုရှုအာအနေနှင့် ဖော်ရွေနေစရာအကြောင်းလည်းမရှိ။ ထူးပြီးရိုင်းပြနေစရာလည်း မကျူးလွန်လာသေးသည်မို့ ခပ်တည်တည်ဖြင့်သာ စကားဆိုလိုက်လေသည်။

"ဘာကိစ္စရှိလို့လဲ ဆိုဖီ"

"Oppaဆီလာတာ oppaကိုခေါ်ပေးလို့ရမလား ရှုအာ"

ဂျောင်ဟန့်ကိုခေါ်မှန်းသိသာစွာ အသက်တူတူဖြစ်သည့် ဂျိုရှုအာကိုတော့ နာမည်အတိုင်းသာခေါ်လေသည်။ ဂျိုရှုအာသည် ဆိုဖီ့ကို ယွန်းဂျောင်ဟန်နှင့် မတွေ့စေချင်ပေ။ ဆိုဖီကိုမြင်နေရတာနဲ့တင် သူစိတ်ကုန်လှပါပြီ။

သို့သော်ငြား သူကြာနေလို့ဖြစ်နိုင်၏။ ယွန်းဂျောင်ဟန်သည် အိမ်ရှေ့သို့လိုက်လာလေသည်။

"ရှုအာ ဘယ်သူကြီးလဲ ဘာလို့ကြာနေတာလဲ"

ယွန်းဂျောင်ဟန်သည် ပြောလည်းပြော သူ့အနားကိုလည်းရောက်လာလေသည်။ ဆိုဖီသည်ကိုယ်လုံးအနည်းငယ်သေးသည်မို့ ဂျိုရှုအာနှင့်ကွယ်နေသဖြင့် အစက ယွန်းဂျောင်ဟန်သည် မည်သူမှန်းမမြင်ပေ။ ယခုအနီးနားကပ်မှသာ ဆိုဖီ့ကိုမြင်သွားပြီး အကြည့်တို့သည် ဂျိုရှုအာထံမလုံမလဲကြည့်မိသွားလေသည်။

ယွန်းဂျောင်ဟန်၏ထိုအကြည့်သည် ဂျိုရှုအာကိုရင်ဘတ်အောင့်စေ၏။ ထိုအကြည့်၏အဓိပ္ပါယ်သည် ဘာများလဲဟုဂျိုရှုအာအဖြေမရှာချင်တော့ပေ။

သို့သော်ငြား အရာရာသည် သူဖြစ်ချင်သည့်တိုင်း မဖြစ်စေရန် အကြောင်းကံဖန်လှလေသည်။ ရုတ်တရက်ထွက်ပေါ်လာသော ဆိုဖီ၏ပြောစကားကြောင့် ဂျိုရှုအာ ဟန်တောင်မဆောင်နိုင်ပင် ယွန်းဂျောင်ဟန်အား အံ့ဩဝမ်းနည်းသောအကြည့်ဖြင့်လှည့်ကြည့်လိုက်မိလေသည်။

"အာ oppa သူငယ်ချင်းတွေရှိနေတာမသိလိုက်ဘူး၊ ဒီအစ်ကိုလည်းရှိနေတာသိရင် မလာလိုက်ပါဘူး၊ လာနေကျဆိုတော့ ဖုန်းမဆက်မိလိုက်ဘူး"

စကားလုံးတို့သည် ဓားသွားလိုပင် ဂျိုရှုအာ၏ရင်ကို‌ပြတ်ရှစေသည်။ ‌ဆိုဖီပြောလိုက်သောစကားသည် ရှင်းလင်းလွန်းလှသဖြင့် ဂျိုရှုအာ ယွန်းဂျောင်ဟန်ဆီမှ ရှင်းလင်းချက်ကိုပင်မလိုတော့။ သူမလိုတော့ရော ဘာဖြစ်သနည်း၊ ဘာမျှမဖြစ် ယွန်းဂျောင်ဟန်သည်လည်း ရှင်းပြမလာပေ။

Hot Chocolate Where stories live. Discover now