အပိုင်း (၂၀)

Start from the beginning
                                    

" အင်းပါကွယ် မမဝေလည်း ခုရက်ပိုင်း အလုပ်များလို့ပါ။ မမဝေ တင်မဟုတ်ပါဘူး ရီလည်း အသံသွင်းစရာတွေ ဓာတ်ပြားထုတ်စရာကိစ္စတွေနဲ့ ချာလည်လိုက်နေတာ မဟုတ်လား "

" အင်း ဟုတ်တယ် မမဝေ "

ထို့နောက် မေရီက ထိုင်ရာမှ ထကာ မမဝေ ဘေးသို့သွား၍ မမဝေ၏နဖူးဆံစတွင် ချွေးလေးစို့နေသည်ကို လက်ကိုင်ပဝါဖြင့် အသာအယာတို့ကာ သုတ်ပေးလိုက်သည်။ မမဝေက ကြည်နူးရိပ်ယှက်သန်းနေသည့် မျက်ဝန်းများဖြင့်ကြည့်တော့ မေရီက မမဝေ နဖူးဆံစကို ခပ်ဖွဖွ နမ်းလိုက်သည်။

" ‌ရီ တို့ခရီးထွက်ကြမလား မမဝေ "

" ဟင် ဘယ်ကိုလဲ "

" ရီ့ မွေးရပ်မြေလေ ရှမ်းပြည်ကိုပေါ့ မမဝေရဲ့ မမကို ရီခေါ်သွားချင်တာ ကြာလှပြီ။ မအားကြလို့သာ။ ခု ချစ်သူဖြစ်တာလည်း ၃ လပြည့်တော့မယ်ဆိုတော့ သွားကြမလားဟင်။ လာမယ့် နိုဝင်ဘာမှာ ပီမိုင်တိုင်းလည်းရှိလို့ပြောတာ မမရဲ့ "

မမဝေက ဟင်းအိုးကို မီးဖိုပေါ်မှချကာ သံကရွတ်ခွေပေါ်သို့တင်လိုက်သည်။ ထမင်းရော ဟင်းပါ ကျက်သွားပြီမို့ လက်ဆေးကာ မေရီရှိရာ ထမင်းစားပွဲသို့ထိုင်လိုက်သည်။ သက်ဝေထိုင်တော့ မေရီက အလိုက်တသိ နွှေးထားသည့် လက်ဖက်ရည် ယူလာပေးသည်။ သက်ဝေက မေရီယူလာသည့် လက်ဖက်ရည်ကို တစ်ကျိုက်သောက်ရင်း ပြတ်သွားသည့် စကားစကို ပြန်ဆက်သည်။

" မေရီ ခုနက ပြောနေတာ ဘာရယ် "

" ဪ နိုဝင်ဘာဆို ရီတို့ ချစ်သူဖြစ်ကြတာ ၃ လပြည့်တော့မှာလေ အဲဒီလထဲမှာပဲ ပီမိုင်တိုင်းလည်းရှိတော့ မမဝေကို ရီ သီပေါ ခေါ်သွားချင်တာ "

" ပီမိုင်တိုင်းဆိုတာ ဘာလဲ ရီ "

" ပီမိုင်တိုင်းဆိုတာ ရှမ်းနှစ်သစ်ကူးကို ခေါ်တာ မမဝေရဲ့။ အခု ၁၃၁၄ ခု နတ်တော်လဆန်း (၁) ရက်ဆိုရင် ရှမ်းသက္ကရာဇ်အနေနဲ့ ၂၀၄၇ နှစ်မြောက်ရောက်ပြီ။ ရှေးရိုးရာ ထုံးတမ်းအရတော့ နှစ်သစ်ကို ကြိုဆိုတာ၊ ဂါရဝပြုဝာာ၊ ရိုးရာအစားအစာနဲ့ ဧည့်ခံတာ၊ ကုသိုလ်ကောင်းမှုပြုတာ၊ ပျော်ပွဲရွှင်ပွဲ ကျင်းပတာ အဲတာတွေ လုပ်ကြတာပေါ့ မမရယ်။ ကိုယ့်အရပ် ကိုယ့်ဓလေ့ဆိုတော့လည်း ပျော်ဖို့တော့ အကောင်းသား "

ချစ်သက်ဝေWhere stories live. Discover now