"အဲ့လိုဆိုတိုင်း ဒီလိုမျိုးဖျောက်ဖျက်ပစ်လို့မရဘူးလေ ဒီဘက်ကမိဘတွေရဲ့အပူကို ဦးဇွဲနားလည်ပါဦး"

"မသိတော့ဘူး ရှေ့တိုးခဲ့ပြီးမှတော့ နောက်မဆုတ်ချင်ဘူး အသက်ကလေး ဒါကိုအသက်ကလေးပဲသိပါစေ ကောင်လေးကိုပြန်မပြောပါနဲ့"

"ဒါပေမယ့်"

"ငယ်လေးကိုပြန်မပေးနိုင်ဘူး သူ့ကိုဆွဲထုတ်ဖို့ကြိုးစားရင် အဲ့ဒီလူကိုအသေသဝာ်ပစ်တော့မှာ အဲ့လောက်ဆို ဦးဇွဲဆန္ဒကိုနားလည်ပြီမလား"

အသက် ဘာမှမပြောနိုင်တော့ဘဲ သက်ပြင်းတစ်ချက်သာ ချလိုက်မိတုန်း ဦးဇွဲကဖုန်းချသွား၏။
ဖေဖေပြောခဲ့သည့်အတိုင်း ဦးဇွဲဟာ ရဲတိုက်ကြီးတစ်ခုလို ကြီးမားခိုင်ခံ့သောစိတ်ဓာတ်မျိုးရှိကာ သူ့ရှေ့မှာကာဆီးပိတ်ပင်သူတိုင်းကို အပြတ်ရှင်းပစ်တတ်သူဖြစ်သည်။
ထို့အပြင် အခုပြောသွားသည့်စကားတွေဟာ စကားသက်သက်မဟုတ်မှန်း အသက်သိနေသည်။

အသက် အပြင်ကိုပြန်ရောက်တော့ ကိုကြီးကဆိုဖာမှာထိုင်လျက်ရှိနေပြီး ခေါင်းငိုက်စိုက်ကျနေ၍ အသက်စိုးထိတ်သွားမိသည်။
ငယ်စဥ်ကတည်းက အတူကြီးပြင်းလာခဲ့မှတော့ ကိုကြီးဟာ ထိုမမကိုသိပ်ချစ်လောက်ပြီး တကယ်မသေဆူံးသေးမှန်း ပြောပြလိုက်ရမလားဟု တွေးမိသေးသည်။
သို့သော် ကိုကြီးသိသွားခဲ့လျှင်လည်း တစ်မိသားစုလုံးသိပြီပဲမို့ ဦးဇွဲအတွက် အန္တရာယ်မကင်း…

"ကိုယ် သူ့စေ့စပ်ပွဲမသွားနိုင်ခဲ့လို့ လက်ထပ်ပွဲကျရင် ဆက်ဆက်သွားဖို့ဆုံးဖြတ်ထားတာ"

"အင်း"

"မယုံနိုင်သေးဘူးအခုထိ.. နောင်ချိုကပြန်လာတုန်းက သူ စိတ်ဆိုးပြီးကျန်နေခဲ့တာ အခုထိမှတ်မိနေသေးတယ် နှုတ်ခမ်းစူပြီးကြိမ်းနေခဲ့တာ
နင့်အလှည့်ကျရင်လည်း ငါမလာဘူးတဲ့"

"ကိုကြီး ငိုချင်ရင်ငိုချလိုက်ပါ အောင့်မထားနဲ့နော်"

ကိုကြီး ပခုံးတွေကိုဖိဆုပ်ရင်း နှစ်သိမ့်ပေးလိုက်တော့ ကိုကြီးကခေါင်းခါပြီး အသက်ကိုဖက်ကာ ဆံပင်တွေထဲမျက်နှာနှစ်ထားရင်း ငြိမ်သက်နေ၏။
အသက် စိတ်မကောင်းဖြစ်မိပေမယ့် မမသိမ်မွေ့ကိစ္စကို ပါးစပ်ပိတ်ထားဖို့သာ ဆုံးဖြတ်လိုက်မိတော့သည်။
မဟုတ်ရင် မိသားစုနှစ်ခုအကြား နာကြည်းစရာတွေ၊ ရန်ငြှိုးရန်စတွေဖြစ်လာနိုင်သည်မလား…

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now