အပိုင်း (၁၇)

Start from the beginning
                                    

" မမဝေလည်း ဈေးသွားဖို့ ဘယ်တုန်းကမှမပြောမိပါ့လား "

မေရီ၏ ခြေလှမ်းများတုံ့သွားကာ သက်ဝေကို လှမ်းကြည့်သည်။ မမဝေ နောက်နေသည်လား အတည်ပြောနေသည်လားဟု ခဏတာ စူးစမ်းပြီး အတည်ပြောနေသည်ကို သိသောအခါမှ မေရီက ချွဲနွဲ့ဟန်ဖြင့် တစ်ချက်ပြုံးကာ

" ဒီတိုင်း .. အရင်ရက်က မမဝေပဲ စကော့ဈေးသွားချင်တယ်ဆိုလို့လေ အဲဒါ မေရီရော ‌မမထွေးရော ကနေ့သွားကြမလို့ "

" ဒါပေမယ့် စကားပြောနေတုန်းတန်းလန်းကြီးလေကွယ် မေရီ အဲသလိုဖြတ်ပြောလိုက်တာ သိပ်ရိုင်းတယ်နော် ခုနက ကိုသန်းနိုင်ရှေ့မို့ မမဝေ ဘာမှမပြောဘဲ အချင်းချင်း မျက်နှာမပျက်ရအောင် ပြေရာပြေကြောင်းပဲ ပြောခဲ့ရတာ သိရဲ့လား "

" မမဝေ သည်လိုတော့မပြောပါနဲ့ ဟိုလူကြီးက မမဝေကို ရောနေတာ မြင်ရဲ့သားနဲ့။ အဲဒါကြောင့်မို့ကို မေရီ တမင်ဖြတ်ပြောလိုက်တာ "

တစ်ခါတစ်ရံ မေရီ၏ ခေါင်းမာမှုနှင့် တဇွတ်ထိုးဆန်မှုကို သက်ဝေ မကြိုက်ပါ။ သူ့စိတ်အတိုင်း အရာရာကို ပြုမူခွင့်ရှိနေသည်ဟုလည်း မထင်စေချင်ပါ။ ဒီကိစ္စကို သက်ဝေ ရှင်းရတော့မည်။

" အို သူရောနေတာ မမဝေကရော မသိရှိမလား။ ပြီးတော့ မမဝေ ရှောင်နိုင်တယ်။ သူတို့ညစာဖိတ်ကျွေးတိုင်း မမဝေက မငြင်းဘဲ လိုက်စားမယ်လို့ရော မေရီ ထင်နေသလားဟင်။ အဲသလိုထင်နေရင်တော့ မေရီဟာ မမဝေ သိက္ခာကိုစော်ကားပစ်လိုက်တာပဲ "

သက်ဝေအသံ နည်းနည်းမာလာသောအခါ မေရီမျက်နှာ ညှိုးငယ်သွားသည်။ ဝမ်းနည်းသွား၍ထင်သည် သက်ဝေနှင့်အကြည့်ချင်းမဆုံအောင် လွှဲရင်း ခေါင်းငုံ့လိုက်ကာ ခပ်တိုးတိုးပြန်ဖြေသည်။

" ဟင့်အင်း အဲလို မထင်ပါဘူး မမဝေ "

" မထင်ရင် ဘာလို့ အဲလိုဝင်ပြောသလဲ မေရီ။ မမဝေဘာသာ ကိစ္စရှိလို့ မလာနိုင်ပါဘူး ငြင်းရင် ဘယ်သူမှ မျက်နှာပျက်စရာမရှိဘူး မဟုတ်လား။ အခုတော့ အလကားသက်သက် ကိုသန်းနိုင်က မေရီ့အပေါ် အထင်လွဲတော့မယ် "

" အို လွဲလွဲ သူအထင်လွဲတာတော့ဖြင့် မေရီက ဂရုမစိုက်ပေါင် "

ချစ်သက်ဝေWhere stories live. Discover now