အပိုင်း(၈၁)

Start from the beginning
                                    

သူတို့၏နှာခေါင်းထိပ်ဖျားများက ထိကပ်နေလျက် ။ နှစ်ယောက်သား၏ ဝင်လေထွက်လေများမှာ မည်သူ့ဟာမှန်း မသဲကွဲတော့သည်အထိ ရောယှက်နေခဲ့သည် ။ ဤသည်ကိုကြားသော် ကျစ်ယွီရှီ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော စုန့်ချင်းလန်၏လက်များ ပို၍ တင်းကျပ်သွားတော့သည် ။ သူသည် ဦးခေါင်းကို ဘေးသို့ စောင်းငဲ့လိုက်ပြီး တစ်ဖန်ပြန်လည် ငုံ့ကိုင်းလာကာ "ဘာလို့ အချိန်ကို ရွှေ့ထားခဲ့တာလဲ ? "

မေးလိုက်ပြီးနောက် သူသည် ကျစ်ယွီရှီကို နောက်တစ်ကြိမ် ခပ်ဖွဖွ နမ်းလိုက်ပြန်၏ ။ သူ့စကားသံမှာ ပုံမှန်အတိုင်း ရှိနေဆဲဖြစ်ပြီး မေးခွန်းမေးနေသည့်ကြားက မတတ်သာဘဲ ထိုသို့ပြုမူရန် ရုတ်တရက် ဆန္ဒရှိလာသည့်နှယ် ။

ကျစ်ယွီရှီ သူ၏ ကိုယ်ပိုင်နှလုံးသားက ကျယ်ကျယ်လောင်လောင် လှုပ်ခုန်နေလျက် သူ့နားစည်ထိ ရိုက်ခတ်လာသည်ကို ကြားနေရသည် ။

သူစကားလုံး ခုနစ်လုံးကို ပြောလိုက်၏ ။ "အချိန်က တအားနှေးလို့ "

သူ့နှုတ်ခမ်းများ ပူနွေးသွားခဲ့သည် ။ ယခုတစ်ခေါက်တွင်တော့ စုန့်ချင်းလန်က သူ့အား အပြင်းအထန် နမ်းရှုံ့လာ၏ ။ အထိန်းအကွပ်မဲ့စွာ ၊ မကျွမ်းကျင်စွာဖြင့် သူသည် ကျစ်ယွီရှီ၏နှုတ်ခမ်းကို ကြမ်းကြမ်းတမ်းတမ်း ဖုံးကာလိုက်တော့သည် ။

အငိုက်မိသွားသဖြင့် ကျစ်ယွီရှီ ပင့်သက်ရှိုက်မိသွားသော်လည်း စုန့်ချင်းလန်ကြောင့် သူ့လည်ချောင်းထဲတွင် ပိတ်ဆို့ခံလိုက်ရသည် ။

တစ်ခဏချင်းပင် မိုးကြိုးပစ်လိုက်သည့်အလား မီးပွားများ လွင့်စင်လာသယောင် ။ သူတို့၏ နှုတ်ခမ်းများမှာ နီးနီးကပ်ကပ် ဆက်နွယ်နေကြ၏ ။ အောက်နှုတ်ခမ်းပါးမှ အပေါ်နှုတ်ခမ်းအထိ နှစ်ယောက်သားသည် အချင်းချင်း ပိုနီးကပ်အောင် ကြိုးစားနေရင်း ‌ထောင့်အနေအထားများ ပြောင်းလဲနေကြသည် ။

နမ်းရှိုက်နေကြချိန်တွင် လျှပ်စီးကြောင်းများက သူတို့၏ ကျောရိုးများမှတစ်ဆင့် လှိုက်တက်လာပြီး ဦးနှောက်ထဲထိ ရောက်ရှိသွားသည် ။ ကျစ်ယွီရှီခေါင်းထဲ လုံးဝရှုပ်ထွေးနေပြီး သူဘာကိုမျှ မစဉ်းစားနိုင်တော့ချေ ။ သူ စတင်၍ လေအလောက်အငှ မရတော့မှန်းသာ သိလိုက်ပြီး မတတ်သာဘဲ အသက်ရှူရန် ကြိုးပမ်းနေရ၏ ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now