အထွေထွေဆိုင်ထိုင်က လင်းကျန်နှင့်အတူ ဆိုင်သို့ပြန်လိုက်လာကာ  လင်းကျန်ငှားထားသည့်လက်မှုပညာသည်များနှင့် ဆွေးနွေးသည်။ ဤသို့နှင့် ဆိုင်၏မည်သည့်အပိုင်းအား ပြုပြင်ရမည်ကို သူတို့ဆုံးဖြတ်ကြသည်။ ပြုပြင်ချိန်ကအတော်ကြာ၏။ ထိုအချိန်တွင် ဝမ်ချင်းက ဆိုင်ကိုပြုပြင်နေသည့် လက်မှုပညာရှင်များအား ကြီးကြပ်ရသည်။

ယနေ့တွင် သူတို့က ဆိုင်သို့အကြိမ်အနည်းငယ်မျှ သွားခဲ့ပြီး လက်မှုပညာရှင်အချို့ကလည်း စတင်ပြင်ဆင်နေပြီဖြစ်ရာ ကုန်လဲလှယ်ရေးဈေးရှိ လူအများထံမှအာရုံစိုက်ခံရသည်။

လင်းကျန်က မြို့အနောက်ဘက်ရှိ ကုန်လဲလှယ်ရေးဈေးထဲမှ ဆိုင်တစ်ဆိုင်ကိုဝယ်ကာ ပြုပြင်နေကြောင်းကို လင်းစံအိမ်အားအနီးကပ်စောင့်ကြည့်နေသူအများအပြား သိသွားကြသည်။

လင်းကျန်နှင့် ယွီဝမ်မိသားစုတို့ ပဋိပက္ခဖြစ်ကာ မိမိတို့အမြတ်ရရန် စောင့်နေသူများကလည်း ဦးနှောက်ခြောက်သွားကြပြီး လင်းကျန်လဝက်ခန့်အိမ်တွင်းအောင်းပြီးနောက် ဘာကြောင့် ဆိုင်တစ်ဆိုင်ကိုအရင်ဆုံးဝယ်ရသနည်းဟု အံ့ဩနေကြသည်။

"ဆိုင်တစ်ဆိုင်ဝယ်တာက ယွီဝမ်ထုန်နဲ့လက်ထပ်တာထက် ပိုအရေးကြီးလို့လား။"

၎င်းက သူတို့ထဲမှအများစုကို စိတ်ရှုပ်စေသောမေးခွန်းပင်။ သူတို့သာလင်းကျန်ဆိုပါက ယွီဝမ်ထုန်နှင့်မြန်နိုင်သမျှမြန်မြန်လက်ထပ်နိုင်ရေးကိုသာ ဦးစားပေးလိမ့်မည်။ 'ဘာလို့ ဆိုင်တစ်ဆိုင်ဝယ်ရတာလဲ။ တကယ်လို့ ယွီဝမ်ထုန်နဲ့လက်မထပ်နိုင်ခဲ့ရင် ဈေးဆိုင်ကိုဘယ်လိုလုပ်ထိန်းသိမ်းနိုင်မှာလဲ။'

လင်းကျန်က မြို့တော်သို့ရောက်ပြီးနောက် အင်အားကြီးသူအချို့နှင့် ပြဿနာတက်ခဲ့သည်။ မင်းသမီးကိုးပင် လင်းကျန်ကို လုပ်ကြံရန်ကြိုးစားခဲ့သည့်အတွက် ဘုရားကျောင်းတွင် ဆံပင်မရိတ်ဘဲ တရားအားထုတ်ရန် အပို့ခံလိုက်ရသည်။ သူ့ကြောင့်ပင် ယွီဝမ်ကျီလည်း ယွီဝမ်ချီ၏ခြေထောက်ကို ချိုးခဲ့သည်။ ဤအချက်များအရ လင်းကျန်က မည်သူ့ကိုမဆိုကိုယ်ပိုင်နည်းလမ်းဖြင့် ဖျက်ဆီးမည်ဖြစ်ကြောင်း ဖော်ပြနေရာ လူအများအပြားက လင်းကျန်ကို အလွန့်အလွန်အထင်ကြီးနေကြပြီး သူနှင့်ယွီဝမ်ကျီတို့တိုက်ခိုက်ကာ နှစ်ဖက်လုံးပျက်စီးမည့်အချိန်ကို မျှော်လင့်စောင့်စားနေကြသည်။ သို့သော် လက်ရှိအခြေအနေက သူတို့အားလုံးကို အင်မတန်စိတ်ပျက်စေ၏။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now