191

2.3K 373 5
                                    

အခြားဘက်မှ လှေနံနှစ်ဖက်နင်းခြင်း
.............................................

လင်းကျန်က အတွင်းအားအကြောင်းကို ရိပ်ခနဲသိသွားပြီဖြစ်၍ ကျင့်ကြံရေး၌ များစွာကြိုးစားလာသည်။ သူကနောက်ရက်အနည်းငယ်အထိ ထိုအထဲတွင်သာ စိတ်နှစ်ထား၏။ သူတရားထိုင်တိုင်းတွင် ကိုယ်တိုင်မရှိတော့သကဲ့သို့ အာရုံစိုက်မိသည့်အခြေအနေအား ဝင်ရောက်သွားမိသည်။ သူကျင့်ကြံသည့်အချိန်များကလည်း တစ်နေ့လုံး၊ တစ်ညလုံး စသည်ဖြင့် အလွန်ကြာသည်။ အံ့ဩစရာကောင်းသည်မှာ သူဤရက်ပိုင်းအတွင်း ကျင့်ကြံနေစဉ်တွင် မှော်ဆန်စွာဖြင့် ဘာအနှောင့်အယှက်မှမပေါ်လာချေ။

လင်းကျန်၏အသိဉာဏ်က အံ့ဩစရာကောင်းလှသဖြင့် လူတိုင်းတအံ့တဩဖြစ်နေကြသည်။

"စစ်သူကြီးက သခင်လေးလင်းရဲ့သွေးကြောတွေကို ရှင်းပေးခဲ့တယ်ဆိုတာမှန်ပေမဲ့ သူ့ရဲ့တိုးတက်ပုံက မြန်လွန်းတယ်။" ယွဲ့ချီတို့က အံ့အားသင့်စွာတောက်ခေါက်မိကြသည်။

ရှားဖုန်း၊ လီစီချိုက်၊ ဝမ်တရှန်နှင့်အခြားအစောင့်များမှာ ဤကိစ္စနှင့်ပက်သက်၍ သိပ်မသိကြသဖြင့် အစေခံများကိုသာ ပင်မအိမ်ခြံဝန်းနားသို့မသွားရန် တားထားသည်။ ယခုအချိန်တွင် ယွဲ့ချီတို့ထံမှ သူတို့၏သခင်လေးအကြောင်း ကြားပြီးနောက် တိတ်တခိုးပျော်ရွှင်သွားကြသည်။

ယွီဝမ်ထုန်သည်ပင် အံ့ဩသွားသော်လည်း လင်းကျန်၏သွေးကြောများကိုဖွင့်ပေးခဲ့သူ၊ လျှို့ဝှက်အတွင်းအားကျင့်စဉ်ကို ဖတ်ဖူးသူက မိမိကိုယ်တိုင်ဖြစ်နေသဖြင့် ထိုအကြောင်းကို ယွဲ့ချီတို့ထက် ပိုသိသည်။ လင်းကျန် လေ့ကျင့်နေသော အတွင်းအားစိတ်ကျင့်စဉ်က လူတိုင်းအတွက် မသင့်တော်သည့်အပြင် လိုအပ်ချက်မြင့်မားကြောင်းကို သူသိသည်။ ကျင့်စဉ်တွင်ဖော်ပြထားသော လိုအပ်ချက်နှင့် တု့န်ပြန်ပုံအချို့ကို သူကိုယ်တိုင်ပင် မရရှိနိုင်သော်လည်း လင်းကျန်အတွက်မူ ၎င်းတို့က အလွန်လွယ်ကူပုံပေါ်၏။ သူ၏နားလည်နိုင်စွမ်း၊ သို့မဟုတ် ဖွဲ့စည်းတည်ဆောက်ပုံက လင်းကျန်ကဲ့သို့မကောင်းခြင်းမဟုတ်ဘဲ ဤကျင့်စဉ်က လင်းကျန်အတွက်အံကိုက်ရေးထားပုံပေါ်သည်။ ယင်းက လင်းကျန်၏ကိုယ်ကာယအခြေအနေနှင့် လိုက်လျောညီထွေဖြစ်နေပြီး ဤအတွင်းအားစိတ်ကျင့်စဉ်က အထူးလူတစ်စုအတွက်ဖြစ်သည်ဟု ဆိုလိုသည်။ လင်းကျန်က ၎င်းတို့ထဲမှ တစ်ယောက်ပင်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now