တက်ကြွနေသောလင်းကျန်က ယွီဝမ်ထုန်ကို လေ့ကျင့်ရေးကွင်းတွင် အတော်ကြာအဖော်ပြုလေ့ကျင့်စေသည်။ ယွီဝမ်ထုန်က သူဘာကြောင့်ဤသို့လုပ်ရသည်ကို ကောင်းကောင်းနားလည်၏။ လင်းကျန်က စိတ်လှုပ်ရှားနေသေးပြီး သူစိတ်ငြိမ်စေမည့်အကောင်းဆုံးနည်းလမ်းမှာ ဖွင့်ထုတ်ခွင့်ပြုခြင်းပင်။

ယခုအချိန်တွင် လေ့ကျင့်ရေးကွင်းထဲ၌ သူတို့နှစ်ဦးသာကျန်တော့သည်။ လင်းကျန်၏အစောင့်များနှင့် ယွီဝမ်ထုန်၏ကိုယ်ရံတော်များအားလုံးက လင်းကျန်အား ယွီဝမ်ထုန်လေ့ကျင့်ပေးနေသည်ကို လေ့ကျင့်ရေးကွင်းအပြင်ဘက်မှရပ်ကြည့်နေကြသည်။

"သခင်လေးလင်းက တစ်ညတည်းနဲ့တင် ဒီလောက်တောင်အများကြီးတိုးတက်သွားတယ်။" ယွဲ့ချီက အံ့အားသင့်နေသောလေသံဖြင့် တီးတိုးပြောသည်။

လင်းကျန်၏အစောင့်များဖြစ်သော ဝမ်တရှန်တို့နှင့်မတူသည်မှာ ယွဲ့ချီတို့က အတွင်းအားပညာရှင်များဖြစ်ပြီး ဤသို့သောအပြောင်းအလဲကို ပို၍အာရုံခံနိုင်သည်။ လင်းကျန်က ဤသို့တိုးတက်ရန် တစ်ညသာကြာခဲ့သည်။ ၎င်းထဲတွင် သဘောပေါက်နားလည်နိုင်စွမ်းလည်းပါနေရာ သူတို့ ပို၍အထင်ကြီးလေးစားမိသည်။

"ငါတို့သခင်လေးရဲ့ သဘောပေါက်နားလည်နိုင်စွမ်းကထူးခြားတဲ့အပြင် သူလေ့လာနေတဲ့ စိတ်စွမ်းအားကျင့်စဉ်ကလည်း မူမမှန်တော့ ငါကြောက်မိတယ်။" ရှဲ့ရှီက လေ့ကျင့်ရေးကွင်းထဲတွင် လေ့ကျင့်နေကြသော လင်းကျန်နှင့် ယွီဝမ်ထုန်တို့ကို အလေးအနက်ကြည့်ကာပြောသည်။

သူတို့က ယွီဝမ်ထုန်၏ကိုယ်ပိုင်သက်တော်စောင့်များဖြစ်ရာ သိုင်းလေ့ကမှ သိုင်းပညာရှင်များနှင့်ယှဉ်ပါက ပထမတန်းစား ကွန်ဖူးပညာရှင်များဖြစ်သည်။ သဘာဝကျစွာပင် သူတို့သုံးနေသော အတွင်းအားစိတ်ကျင့်စဉ်ကလည်း အတော်ကောင်းမွန်၍ ဤသို့ထိုးထွင်းသိမြင်ခြင်းပင်။

"အဲ့ဒီကျင့်စဉ်က စစ်သူကြီးရဲ့ဟာထက် နိမ့်မယ်မထင်ဘူး။" ရှဲ့ရှီကဆက်ပြောသည်။

ယွဲ့ချီက အလွန်အံ့ဩသံပြုကာ ခပ်တိုးတိုးပြောသည်။ "စစ်သူကြီးရဲ့ အတွင်းအားစိတ်ကျင့်စဉ်က အကောင်းဆုံးထဲကတစ်ခုပဲလေ။ သခင်လေးလင်းရဲ့ကျင့်စဉ်က အဲ့ဟာထက်မနိမ့်ဘူးဆို အနည်းဆုံးတော့ အကောင်းဆုံးထဲကတစ်ခုဖြစ်ရမယ်။ အဲ့လိုသာဆို တော်တော်အံ့ဩစရာကောင်းတယ်။ ဒီကျင့်စဉ်ပေးတဲ့လူက စစ်သူကြီးမဖြစ်နိုင်ဘူးဆိုတော့ သခင်လေးလင်းရဲ့မိသားစုထဲကဖြစ်ရမယ်။ လင်းမိသားစုမှာ ဒီလိုအဆင့်မြင့်တဲ့ ကျင့်စဉ်ရှိတာလား။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now