Zgyi

545 5 1
                                    

(အပိုင်း ၁၁)

တစ်ညလုံး ခင့်ကို ဖက်အိပ်ထားသည့် ချစ်လွန်းကို၏ လက်တွေကို ဖယ်ချရင်း ခင် ထထိုင်လိုက်သည်။ ညက နောက်ကျမှအိပ်ပျော်ပေမဲ့ မနက်အလုပ်သွားမည်ဆိုသည့်အသိကြောင့် မျက်လုံးက အလိုလိုပွင့်ကာ နိုးလာလေသည်။ ချစ်လွန်းကိုလက်တွေကို ဖယ်ပြီးထတော့ သူ့ပါတစ်ခါတည်း နိုးလာ၏။ ခင့်ကို ကြည့်ကာ ပြီးမှသူ့မျက်လုံး သူပြန်ပွတ်လိုက်သေးသည်။

"မမခင်....အစောကြီးနိုးနေတာလား...ဝါး...."

ခင့်ကို လှမ်းမေးရင်း သမ်းလိုက်တာကြောင့် ခင် မျက်စောင်းထိုးလိုက်မိသည်။ ပြီးမှ လန်းလန်းဆန်းဆန်းဖြစ်နေသည့် သူ့မျက်နှာကြောင့် အဖျားတော့မရှိတော့လောက်မှန်း တွေးလိုက်မိသည်။

"ငါးနာရီခွဲနောက်ပဲ ရှိဦးမယ်၊ ပြန်အိပ်ပါလား မမခင်"

"အိပ်ဖို့အချိန်မရှိဘူး၊ အလုပ်သွားဖို့ပြင်ရမယ်။ နင်ရော ဘာလုပ်မှာလဲ။ အလုပ်သွားမှာလား ပြန်အိပ်မှာလား"

"ဘာ....မမခင်က ဘယ်ကအလုပ်ကိုသွားမှာလဲ"

"မနေ့က ငါအလုပ်သွားလျှောက်ထားတယ်၊ ရလည်း ရတယ်။ ညနေအိမ်ပြန်နောက်ကျမယ်။ နင့်ကို ခွင့်တောင်းတာမဟုတ်သလို အသိပေးတာလဲမဟုတ်ဘူးနော်၊ ရပ်ကျော် ရွာကျော် ငါ့ကိုပျောက်လို့ လိုက်ရှာနေမှာစိုးလို့"

"နေပါဦး...မမခင်ကို ဘယ်သူက အလုပ်လုပ်ခိုင်းလို့လဲ။ ကျုပ် ခင်ဗျားတစ်ယောက်ကိုတော့ ရှာကျွေးနိုင်ပါသေးတယ် မမခင်"

"ဘယ်သူမှ မလုပ်ခိုင်းလည်း ငါ့ဖာသာလုပ်မယ်၊ နင်ရှာကျွေးနိုင်တယ်ဆိုလည်း ငါက ထိုင်စားမနေနိုင်ဘူး။ နင့်အစ်မတွေ ပါးစပ်ကထွက်လာမယ့် စကားလုံးက ငါမြိုချထားမိတဲ့ ထမင်းတွေအတောင့်လိုက် ထွက်စေတယ်သိလား"

"မမခင်ကို မကြီးနဲ့မငယ်က ဘာပြောလိုက်လို့လဲ"

"နင်လုပ်တာ နင်ပဲသိမှာပေါ့။ ငါ့ကို မသိသလို လာပြန်မမေးနဲ့။ အဲ့ကိစ္စကို နင်နဲ့ရှင်းမလို့ မနေ့ကတည်းက တေးထားတာ၊ နင်ဖျားနေလို့ ကံကောင်းသွားတယ်မှတ်။ အခု မနက်စောစောစီးစီး မဂ်လာမရှိတဲ့ အသံတွေမထွက်အောင် နင်တိတ်တိတ်နေပြီး ငါ့ကိုဘာမှထပ်မမေးနဲ့...."

ရွှေလက်ဖြင့်သာ ခေါ်တော်မူTempat cerita menjadi hidup. Temukan sekarang