"သူ ဘယ်နည်းနဲ့မှ ယွီဝမ်မိသားစုထဲ လက်ထပ်ဝင်ခွင့်မရစေရဘူး။" ယွီဝမ်ကျီက ရက်စက်သောအကြည့်ဖြင့် ပြန်ပြောသည်။

ကျန့်ရှီက စိတ်သက်သာရာရသွားကာ သူမ၏လက်ကိုင်ပုဝါကိုလိမ်ကျစ်၍ ထောက်ပြသည်။ "သူက တော်တော်လွန်နေပြီ။ အဲ့ဒီလင်းကျန်ကို ထန်းယန်ဆီပြန်ပို့ပြီး သူ့နေရာမှာ ကျွန်မရဲ့တူမ ဝင်နိုင်မဲ့နည်းလမ်းကို ရှာရမယ်။"

ကျန့်ရှီ၏အစီအစဉ်က အလွန်ရိုးရှင်းသည်။ သူမက ယွီဝမ်ထုန်ကို သူမ၏တူမနှင့်လက်ထပ်စေချင်သည်။ ထိုသို့ဆိုလျှင် ယွီဝမ်ထုန်က ယွီဝမ်မိသားစု၏အကြီးအကဲနေရာကို ယူလိုက်လျှင်ပင် သူမ၏တူမက အိမ်တွင်းကိစ္စများကိုထိန်းချုပ်နိုင်ခွင့် ရှိနေလိမ့်မည်။ သူမနှင့်တူမဖြစ်သူ၏ ချစ်ကြည်ရင်းနှီးမှုအရ သူမကယွီဝမ်မိသားစုထဲတွင် အလိုရှိသလိုစေစားနိုင်သည့် သခင်မဆက်ဖြစ်နေမည်ဖြစ်ကာ ယွီဝမ်ထုန်က သူမကိုကျော်ရဲမည်မဟုတ်ချေ။

ယွီဝမ်ထုန့်ထံတွင် သတိပေးခံလိုက်ရ၍ ယခုမှစိတ်ပြန်လည်လာသည့် ယွီဝမ်ဖုန်းမှာမူ သူ့မိဘများက ဆုံးဖြတ်ချက်ချပြီးသားဖြစ်ကာ ယခုအခါ လင်းကျန်ကို ထန်းယန်သို့ ပြန်ပို့ရန် မည်သို့တွန်းအားပေးမည်ဖြစ်ကြောင်း ဆွေးနွေးနေကြသံကိုကြားရသောအခါ ချက်ချင်းခေါင်းကိုက်လာသည်။

"အဖေနဲ့အမေတို့ ဘာစိုးရိမ်နေသလဲဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ နယ်စပ်ဆီ ဝမ်းကွဲ ပြန်သွားရမဲ့အချိန်က ရောက်လာမှာပဲလေ။ သူကလင်းကျန်ကိုလက်ထပ်ထားရင်တောင် ဝမ်းကွဲထွက်သွားရင် လင်းကျန်က တစ်ကိုယ်ရေ တစ်ကာယတည်း အကူအညီမဲ့သွားမှာဆိုတော့ ရူးသာမနေရင် ကျွန်တော်တို့နဲ့ အဆင်ပြေအောင်နေမှာပဲ။ ပြီးတော့ နယ်စပ်ဒေသဆီ လင်းကျန်လိုက်သွားမလားဆိုတာလည်း မသိရသေးဘူး။ သူတို့တွေသာထွက်သွားရင် ဒီမိသားစုကို အဖေပဲတာဝန်ယူရမှာပါ။ ဒီလိုအခြေအနေမျိုးမှာ ဝမ်းကွဲကိုဒုက္ခပေးလို့ မကောင်းပါဘူး။

အဖေနဲ့အမေ၊ ဝမ်းကွဲက လက်ရှိမှာ လင်းကျန်ကိုတအားဂရုစိုက်တယ်။ ကျွန်တော်တို့တွေ လင်းကျန်ကို ချဉ်းကပ်ပြီး တင်းအားလျှော့လိုက်မယ်၊ ပြီးတော့မှ ဦးလေးဖြစ်သူကပါ နားချလိုက်ရင် ဝမ်းကွဲရဲ့အကျင့်အရ ကျွန်တော်တို့ကိုခက်ခဲအောင်လုပ်တော့မှာ မဟုတ်ပါဘူး။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now