179

2.3K 480 9
                                    

ကျွန်တော့်ကိုထပ်ပြီး ရမယ်ရှာရင် နောင်တရအောင်လုပ်ပြမယ်။
..............................................................................

ယွီဝမ်ထုန်က ကျန့်ရှီ၏စကားများကို ခေါင်းတစ်ချက်ညှိတ်၍သာ တုန့်ပြန်ပြီး ခပ်ပေါ့ပေါ့နှုတ်ဆက်လိုက်သည်။ "ဦးလေး၊ အဒေါ်။"

"တွေ့ရတာဝမ်းသာပါတယ်၊ အရာရှိယွီဝမ်နဲ့ သခင်မယွီဝမ်။" လင်းကျန်ကလည်းပြောလိုက်သည်။

"ဒီတော့ မင်းက လင်းကျန်ပေါ့။" ကျန့်ရှီက လင်းကျန်ကို ယခုမှသတိထားမိသကဲ့သို့ ခေါင်းအစခြေအဆုံးကြည့်ကာ ဝေဖန်သည်။ "သူတို့နဲ့အတူ ထန်းယန်ကနေ မြို့တော်ကအထိ မိုင်ထောင်ချီခရီးနှင်လာရတာ တော်တော်ဒုက္ခရောက်မှာပဲ။ ထန်းယန်လို့မြို့ငယ်မှာရှိတဲ့အခြေအနေက မြို့တော်နဲ့မယှဉ်နိုင်ဘူး။ ဒီမြို့မှာဆို အဆောက်အဦးတစ်ခုကနေ အုတ်တစ်လုံးပြုတ်ကျလို့ လူသုံးယောက်ကိုထိသွားရင် တစ်ယောက်ကရာထူးအတော်အသင့်ရှိတဲ့ အရာရှိပဲ။ ဒီမှာ ဘယ်လိုအလုပ်လုပ်ရတယ်ဆိုတာကို မင်းကမသိတော့ တစ်ယောက်ယောက်ကို စော်ကားမိမှာ အမှန်ပဲ။ အခုမင်းက ရောက်နေပြီဆိုတော့ ဘာလို့ဒီကိုရွှေ့ပြီးလာမနေလဲ။ မင်းယွီဝမ်မိသားစုထဲမှာနေတယ်ဆိုတာကိုသာ သိကြရင် လူတွေက မင်းကို အပြစ်ရှာရဲမှာမဟုတ်ဘူး။ ပြီးတော့ မင်းထန်းယန်ကိုပြန်ချင်ရင် ငါတို့တွေအင်္ဂါအပြည့်အစုံနဲ့ ပြန်ပို့ပေးနိုင်တာပေါ့။ ဒီဟာကို အဲ့နှစ်မှာ သခင်ဟောင်းလင်းကူညီခဲ့တဲ့ ကျေးဇူးအတွက် ပြန်ပေးတယ်လို့သဘောထားလို့ရတယ်။ ဘယ်လိုလဲ။"

ကျန့်ရှီက ကျက်သရေရှိစွာ၊ ကျုံ့ကျုံ့ယုံ့ယုံ့ထိုင်နေသော်လည်း စကားများထဲတွင် ထေ့ငေါ့သောအရိပ်အမြွက်များပါနေရာ သူမ၏တည်ရှိမှုကို အတုအပဆန်စေသည်။

ဟုတ်သည်။ ဤစကားများကိုကြားပြီးနောက် လင်းကျန်လည်း ဒေါသထွက်မိ၏။ သို့သော် ကျန့်ရှီကသူ့ကို အပြစ်ရှာသောကြောင့်မဟုတ်ဘဲ ကျန့်ရှီက ယွိဝမ်ထုန်၏ခံစားချက်များကို မထီမဲ့မြင်ပြုသည့်အတွက်ကြောင့်ဖြစ်သည်။ 'ယွီဝမ်ထုန်နဲ့ငါရောက်လာတာ နားတောင်မနားရသေးဘူး။ ကျန့်ရှီက ငါ့ကိုအလောတကြီး ရမယ်ရှာစရာလိုလို့လား။ သူမက ယွီဝမ်ထုန်ရဲ့ အဒေါ်လေ။ သဘောတရားအရဆို သူက ဒီယွီဝမ်မိသားစုစံအိမ်ကျယ်ကြီးရဲ့ သခင်မပဲ။ ငါတို့အပေါ် ဆက်ဟန်ဆောင်လိုက်လို့ ဘာအန္တရာယ်ရှိမှာလဲ။ သူ့တူရဲ့သိက္ခာကိုဆယ်လို့ ဘာအကျိုးယုတ်သွားမလဲ။ သူ ငါ့ကိုရမယ်ရှာချင်ရင်တောင် ငါတို့ထိုင်တဲ့အထိစောင့်ဖို့ တကယ်ခက်လို့လား။ ယွီဝမ်ထုန်က အခုမှအိမ်ပြန်လာတဲ့ဟာ လက်ဖက်ရည်တစ်ခွက်လောက်အရင်တိုက်ရမှာတောင် အရင်မလုပ်နိုင်ဘူးလား။'
ကျန့်ရှီက သူ၏အဒေါ်ဖုချိုက်ဝေကိုပင် မမှီဟု လင်းကျန်ခံစားရ၍ တကယ်ဒေါသထွက်မိသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now