အသက်နှင့် ခြေလက်အင်္ဂါများကို စွန့်စားကာ ရန်သူများကို နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးနောက် မည်သူက အားလျော့စေကြောင်း၊ မည်သူက ပြဿနာရှာမည်မဟုတ်ကြောင်း သူ ကောင်းကောင်းအကဲခတ်နိုင်လေပြီ။

လင်းကျန်က သက်ပြင်းချသည်။ သူ့အနေဖြင့် ယွီဝမ်ထုန်နှင့်ထပ်တူခံစားနိုင်သည်။

အခြားတစ်ဖက်တွင် ယွီဝမ်ဟုန်တို့က လင်းကျန်နှင့်ယွီဝမ်ထုန်တို့ တတွတ်တွတ်ပြောနေကြသည်ကို တွေ့သောအခါ မျက်ရိပ်မျက်ကဲပြကာ ကျိတ်ရယ်နေကြသည်။

"တစ်နေ့ကျ ကျွန်တော်တို့ရဲ့ဝမ်းကွဲလည်း ဒီလိုဖြစ်သွားမယ်လို့ လုံးဝမထင်ထားဘူး။" ယွီဝမ်ဂျင်က လေသံဖြင့်ပြောသည်။

"သူအရင်တစ်ခါလာတုန်းကဆို ငါနဲ့မင်းမရီး ခဏလောက်စကားပြောတာကို တွေ့တာတောင် ချွဲနွဲ့လွန်းတယ်လို့ပြောတယ်။ အခုကြည့်ရတာ သူကငါတို့ထက် အများကြီးပိုချွဲနေရော။" ယွီဝမ်ဟုန်ကပြောသည်။

"ဒါက တအားထူးဆန်းတယ်။ ကျွန်တော်တို့ဦးလေးရဲ့အဖေ ဝိညာဉ်က တကယ်အလုပ်လုပ်နေတာများလား။ မဟုတ်ရင် အခုက လူတစ်ယောက်ကိုရှာပြီး လက်ထပ်ရမဲ့အချိန်ဆိုတာကို သူ့ခေါင်းထဲမှာဘယ်တွေးမိမှာလဲ။" ယွီဝမ်ဟုန်က ဝေဖန်သည်။

အကြားအာရုံထက်မြက်သော ယွီဝမ်ထုန်နှင့်လင်းကျန်က ညီအစ်ကိုသုံးယောက်၏ သီးသန့်စကားဝိုင်းမှ စကားတစ်လုံးချင်းစီကိုကြားနေရသည်။

လင်းကျန်ကရှက်ကာ ချက်ချင်းဘေးရွှေ့သွားပြီး ယွီဝမ်ထုန်နှင့် အကွာအဝေးခြားထားလိုက်သည်။

သို့သော် ယွီဝမ်ထုန်၏မျက်နှာထားက အလွန်အမင်းသဘောဝကျပြီး အေးအေးဆေးဆေးပင်။ 'ယွီဝမ်ဟုန်နဲ့သူ့မိန်းမက ငါနဲ့လင်းကျန်ကို ဘယ်ယှဉ်လို့ရမှာလဲ။'

သူတို့က ဧည့်ခန်းထဲသို့ဝင်ကာ ထိုင်ကြသည်။ ယွီဝမ်ရော်က အရင်ဆုံး ယွီဝမ်ထုန်ကို နယ်စပ်ဒေသများမှ အခြေအနေအကြောင်း မေးပြီးနောက် လင်းကျန်ကို လင်းမိသားစုထဲမှ အခြေအနေအကြောင်းမေးသည်။ သူက ယွီဝမ်ထုန်နှင့်လင်းကျန်တို့၏ပြောစကားကို နားထောင်ပြီးနောက် မေးလိုက်သည်။ "မင်းတို့ဆီမှာ အထူးစီစဉ်ထားတာမျိုးရှိလား။ မင်းတို့တွေ လက်ထပ်မဲ့ရက်ကို ရွေးပြီးပြီလား။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now