ယွီဝမ်ထုန့်ခမျာ ပြောစရာမဲ့သွားသည်။

'ငတုံး။ ငါ ဒီလိုနောက်ကျမှလာရတဲ့အကြောင်းရင်းက လင်းကျန်နဲ့အတူအိပ်ချင်လို့ဆိုတာ အသိသာကြီးပဲမဟုတ်လား။ ငါတို့က ထန်းယန်ကနေထွက်လာပြီ။ ဒီမှာစောင့်ကြည့်နေတဲ့လူတွေလည်း မရှိတော့ဘူး။ လင်းကျန်နဲ့အတူ ညအချိန်ကုန်ဆုံးဖို့ အကြောင်းပြချက်ကောင်းလည်း ငါ့မှာရှိတယ်။ ငါ့ဇနီးနဲ့အတူအိပ်ရမဲ့အခွင့်အရေးကို လက်လွှတ်ပြီး ငါ့ကို အေးစက်စက်အိပ်ရာထဲမှာ ပြန်အိပ်ဖို့ ဒီလူကမျှော်လင့်နေတာလား။ ငါက အရူးမဟုတ်ဘူး။' ယွီဝမ်ထုန်ကတွေးသည်။

သို့ရာတွင် လီစီချိုက်က ယွီဝမ်ထုန်ကို တည့်တည့်စိုက်ကြည့်ကာ တစ်လက်မပင်မရွေ့ဘဲ တံခါးနားတွင်ခိုင်မြဲစွာရပ်နေသည်။

"ငါ့မှာ သူနဲ့အရေးတကြီးဆွေးနွေးစရာကိစ္စရှိလို့။" ယွီဝမ်ထုန်မှာ ရွေးချယ်စရာမရှိဘဲ သင့်တော်သောအကြောင်းပြချက်ပေးလိုက်ရသည်။

လီစီချိုက်က လေးစားစွာနှင့် ယဉ်ကျေးစွာမေးလိုက်သည်။ "အဲ့ဒီကိစ္စကို ညတွင်းချင်းဆောင်ရွက်မှ ဖြစ်မှာပါလား။"

လီစီချိုက်၏ရိုးသားမှု၊ ယုံကြည်မှုပြည့်ဝသော အကြည့်အောက်တွင် ယွီဝမ်ထုန်အတွက် ဆက်လိမ်ရန်ခက်ခဲသည်။ အခိုက်အတန့်မျှကြာပြီးနောက် သူကပြန်ပြောလိုက်သည်။ "အဲ့လိုတော့ မဟုတ်ဘူး။"

"ဒါဆို မနက်ဖြန်မနက်အထိ စောင့်ဆိုင်းပေးပါ။" လီစီချိုက်၏လေသံက ယဉ်ကျေးကာ ပျူငှာနေသေးသည်။

အခန်းထဲမှ လင်းကျန်က စကားဝိုင်းကိုကြားပြီးနောက် ယွီဝမ်ထုန်၏ရည်ရွယ်ချက်ကို ခန့်မှန်းမိပြီးသားပင်။ ယွီဝမ်ထုန်က လီစီချိုက်၏ဤအတားအဆီးအား ကျော်လာနိုင်မလားဆိုသည်ကို သူထိုင်စောင့်နေသည်။

ထိုအချိန်တွင် အခန်းအပြင်ဘက်မှ ယွီဝမ်ထုန်က အခြေအနေကိုသဘောပေါက်သွားသည်။ နေ့အချိန်တွင် သူဤအခန်းထဲသို့ဝင်ခြင်းကို မည်သူမှလာမတားသော်လည်း ညအချိန်တွင်မှ လီစီချိုက်ကသူ့ကို ဝင်ခွင့်မပြုတော့ပေ။ ယနေ့ညအစောပိုင်းမှ ပွဲတွင် ယွီဝမ်ကျီနှင့်ယွီဝမ်ချီတို့က လင်းကျန်ကို တမင်သက်သက် ရမယ်ရှာခဲ့ပြီးနောက် လင်းမိသားစုမှ ဤအစေခံများက သူတို့၏ သခင်လေးကို ပို၍ကာကွယ်လာကြပြီး လီစီချိုက်က သူ့ကိုသတိပေးခြင်းဖြစ်ရမည်။ 'သခင်ဟောင်းလင်းက လီစီချိုက်ကို လင်းကျန်နဲ့အတူထည့်ပေးလိုက်တာ အံ့ဩစရာမဟုတ်တော့ဘူး။ ဒီတစ်ယောက်က ရှားဖုန်းထက် အများကြီးပိုပါးနပ်တယ်။' ယွီဝမ်ထုန်က တွေးမိသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now