လုစီချိုက်တို့က တည်ကြည်လေးနက်သောမျက်နှာထားဖြင့် ခေါင်းညှိတ်ပြကြသည်။

တကယ်တမ်းတွင် မြို့တော်သို့မလာခင်၌ ဂုဏ်အဆင့်အတန်းမြင့်သည့် ယွီဝမ်မိသားစုဝင်များက သူတို့၏သခင်လေးကို အထင်သေးမည်မှန်း သူတို့ခန့်မှန်းမိကြပြီသားပင်။ သို့သော် ယွီဝမ်မိသားစုဝင်များက သူတို့၏သခင်လေးကို အထင်သေးလျှင်ပင် အောက်တန်းကျသည့်လုပ်ရပ်များ လုပ်မည်မဟုတ်ဟု သူတို့ထင်ထားသော်လည်း ယွီဝမ်ထုန်၏ဦးလေးနှင့်မိသားစုဝင်များက သူတို့၏သခင်လေးကို မကြိုဆိုရာ သူတို့မှားသွားပြီမှန်း သိသွားကြသည်။ သူတို့သခင်လေး၏ဇစ်မြစ်က ယွီဝမ်မိသားစုဝင်များကဲ့သို့ အထက်တန်းမကျသော်လည်း သူတို့၏အမြင်တွင် လင်းကျန်က အကောင်းဆုံးသခင်ဖြစ်ပြီး မည်သူ့ကိုမှအနိုင်ကျင့်ခွင့်ပြုမည်မဟုတ်ပေ။

"ဒီနေရာကဘယ်သူကိုမှ အနိုင်ကျင့်ခွင့်ပြုမှာမဟုတ်လို့ စိတ်ချထားပါ၊ သခင်လေး။" ဝမ်တရှန်က ရင်ဘတ်ကိုပုတ်ပြသည်။ သူ့နောက်မှအစောင့်အားလုံးကလည်း ခေါင်းမော့ရင်ကော့ကာ သူတို့၏သခင်လေးကို ယွီဝမ်မိသားစုမှလူများ အနိုင်ကျင့်ခွင့်ပြုမည်မဟုတ်ကြောင်း ကတိပေးကြသည်။

တစ်ချိန်လုံးနားစိုက်ထောင်နေသည့် ယွီဝမ်ထုန်မှာပြောစရာမဲ့သွားသည်။

ယောင်ရိတို့က သူတို့၏စစ်သူကြီးကို ခံစားချက်များရောထွေးနေသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးထဲတွင် ကရုဏာ၊ အပြစ်တင်မှုနှင့် စိုးရိမ်သောကရောက်မှုတို့.... မည်သို့ပင်ဆိုစေ ထိုအကြည့်ထဲတွင် သူတို့၏စစ်သူကြီးနားလည်မလားမသိရသည့် ဆိုလိုရင်းအမျိုးမျိုးပါနေသည်။

*****

အိပ်ရာမဝင်ခင်အချိန်တွင် လင်းကျန်က ကိုယ်လက်ဆေးကြောပြီး အဝတ်အစားလဲလိုက်သည်။ အပြင်ဘက်တွင် ယွီဝမ်ထုန်ကအခန်းထဲသို့ဝင်မည်ပြင်သော်လည်း တံခါးနားတွင်ရပ်နေသည့် လီစီချိုက်ကတားလိုက်သည်။

"ကျွန်တော်တို့ရဲ့သခင်လေး အိပ်ရာဝင်သွားပါပြီ၊ စစ်သူကြီး။ အချိန်တော်တော်လင့်နေပါပြီ။ အကယ်၍ စစ်သူကြီးရဲ့ကိစ္စက အရေးတကြီးမဟုတ်ရင် မနက်ဖြန်အထိစောင့်ဆိုင်းပေးပါ။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now