Unicodeသူလမ်းလျှောက်နေသည်။ ဦးတည်ရာသတ်သတ်မှတ်မှတ်မရှိသော ဘယ်ဆီကိုသွားနေမှန်းမသိတဲ့ခြေလှမ်းတွေနဲ့ဖြစ်သည်။ သူ့ခေါင်းတွေကလဲဝေဝါးနေပြီး ပတ်ဝန်းကျင်ကိုပြတ်ပြတ်သားသားမမြင်ရပေ။
"ငါ ဘယ်ကိုရောက်နေတာလဲ ဘယ်ကိုသွားမလို့ပါလိမ့်"
ဟီဆွန်း ငြီးငြီးငြူငြူဖြင့် ဆံပင်အုပ်အုပ်တွေထဲသို့လက်ထည့်ကာဖွရင်း ပတ်ဝန်းကျင်တစ်လျှောက်စူးစမ်းမိနေသည်။ ဒီပတ်ဝန်းကျင်က သူ့အတွက်တော့နေရာစိမ်းတစ်ခုဖြစ်နေပုံရ၏။ တိတ်ဆိတ်ငြိမ်သက်လွန်းနေသည့်အပြင် သက်ရှိဆိုလို့ ကြွက်တစ်ကောင်ကြောင်တစ်မြီးမှတောင်မမြင်တဲ့ဒီနေရာက သူ့စိတ်ကိုခြောက်ခြားစေလာသည်။
ရုတ်တရက်ကြီး အလွန်အမင်းပင် ရေဆာလာပြန်သည်။ ဟီဆွန်း တံတွေးတစ်ချက် မြိုချလိုက်ပြီး ဤနေရာစိမ်းမှာ သူ့ကိုအကူညီပေးနိုင်မယ့်လူတစ်ယောက်အားအမြန်ရှာနိုင်ဖို့ကြံဖန်ရတော့သည်။ ထို့ကြောင့် ငြိမ်သက်နေသော ပတ်ဝန်းကျင်ထဲသို့ အော်ဟစ်အသံပေးမည်အလုပ်....
"ရှင့်ကိုပေါ်မလာပါနဲ့လို့ပြောမထားဘူးလား ပေးစရာရှိတဲ့ပိုက်ဆံတွေအကုန်ပေးခဲ့ပြီးပြီလေ ကျွန်မတို့ကိစ္စကရှင်းပြီ"
"ကျုပ်လဲ အဲ့လိုလုပ်ချင်တာပါပဲMrs.Ariရယ် ဒါပေမယ့်ခက်တယ်ဗျသိလား ငွေကမလောက်ဘူးဖြစ်နေတယ်...."
အမျိုးသမီးတစ်ယောက်နှင့် အမျိုးသားတစ်ယောက်စကားပြောနေသံကိုကြားလိုက်ရတော့ ဟီဆွန်းအားရဝမ်းသာရှိသွားသည်။ အသံလာရာထိုလူနှစ်ယောက်၏အနီးသို့ သူမြန်မြန်လျှောက်မိသွားမိလိုက်သည်။
"ဟို....ကျွန်တော့်ကို ရေလေးတစ်ခွက်...."
ဖြူလျော့နေတဲ့နူတ်ခမ်းတွေကိုလျှာနဲ့သပ်ရင်း အနီးအနားသို့အမောတကောရောက်ရှိသွားချိန်
"ဟီ...ဟီဆွန်း...ကယ် ကယ်ပါအုံး အား....ကယ်ပေးပါအုံး"
သူ့ရှေ့တည့်တည့်တွင်ရောက်နေသော အမျိုးသမီးကားကား ကွဲအက်နေသော ညာဘက်ခေါင်းတစ်ခြမ်းမှာ သွေးနီနီတို့ကအိုင်ထွန်းမတတ်စီးကျနေ၏။ ထိုအမျိုးသမီးကတစ်ခြားလူမဟုတ်Mrs.Ariဖြစ်နေခဲ့သည်။ တစ်စက်ဆီ အရှိန်နဲ့ကျနေသော သွေးစီးကြောင်းတို့သည် Mrs.Ari၏မျက်နှာပေါ်တွင် ကြက်သီးထဖွယ်။ သွေးကွက်အလိမ်းလိမ်းနှင့်နူတ်ခမ်းတစ်စုံသည် သူ့ထံမှအကူညီရလို့ရငြားဆက်တိုက်အော်ဟစ်မြည်တမ်းနေ၏။