"မင်းသမီးကိုး မျက်ရည်ကျတဲ့အထိ ဒေါသထွက်အောင်လုပ်သွားတဲ့တစ်ယောက် မဟုတ်လား။"

ဝိုင်းကြည့်နေသူများအားလုံးက ရထားလုံးကိုကြည့်ကာ တီးတိုးပြောနေကြသည်။ သူတို့ထဲမှအချို့က စပ်စုချင်ရုံသာဖြစ်သော်လည်း အများစုမှာ ရထားလုံးထဲမှလူက ဤအခြေအနေကို မည်သို့ကိုင်တွယ်မည်နည်းဟု စောင့်ကြည့်ရင်း မလိုတမာစိတ်ဖြစ်နေကြသည်။

"ဒီနေ့အစောပိုင်းမှာ အဲ့ဒီလင်းကျန်က မင်းသမီးကိုးကို ပြန်ပြောရဲတဲ့အထိ စိတ်ကြီးဝင်နေတာတဲ့။ ဒါတောင် သူက ဒီပွဲကို တက်ရဲသေးတယ်။ ကျိုးကြောင်းမဆင်ခြင်တတ်တော့ဘူးလား။ သူက ပညာတော်သင်လည်းမဟုတ်၊ အရာရှိလည်းမဟုတ်တဲ့တောသားလေ။  သူက ဒီတော်ဝင်ပွဲကို တက်နိုင်မယ်လို့ တကယ်ထင်နေတာလား။"

"သူက သူ့ကိုယ်သူအထင်ကြီးနေတာပဲ။ စစ်သူကြီးက သူ့ကိုလက်တောင်လက်မထပ်ရသေးဘူး။ ဒီလုပ်ရပ်မျိုးက ကြွစောင်းစောင်းမနိုင်လွန်းဘူးလား။"

"ပြီးတော့ သူက ယောက်ျားလေးလည်းဖြစ်နေသေးတယ်။ ကျွတ်စ် ကျွတ်စ်..."

ဤလူများက သူတို့၏အသံတိုးသည်ဟုထင်ကာ အတင်းတုပ်နေကြသော်လည်း အကြားအာရုံကောင်းသည့် လင်းကျန်နှင့်ယွီဝမ်ထုန်ကမူ စကားတစ်လုံးချင်းစီတိုင်းကို ကြားလိုက်ရသည်။ ယွီဝမ်ထုန်၏မျက်နှာထား တင်းမာသွားပြီး သူ့ဘေးမှအရှိန်အဝါသည်လည်း ရေခဲကဲ့သို့အေးစက်လာသည်။

လင်းကျန်က ဂရုမစိုက်ပေ။ မြို့တော်မှလူအချို့က သူ့အကြောင်းအတင်းပြောကြလိမ့်မည်ဟု သူခန့်မှန်းပြီးသားဖြစ်သော်လည်း ဝမ်ပြည်ထောင်စုမှလူများရှိနေစဉ် နန်းတော်ဝင်ပေါက်တွင်ပင် ဤသို့ဖြစ်လာမည်ဟု လုံးဝမထင်ထားပေ။ 'ဒီလူတွေက ထန်းယန်ရဲ့လမ်းသွယ်တွေထဲက အဒေါ်ကြီးတွေနဲ့ တကယ်တူတယ်။' လင်းကျန် မျက်နှာမဲ့သွားသည်။ 'ကြီးမြတ်သောယွဲ့တိုင်းပြည်ရဲ့ အမတ်တွေက ဒီလိုပဲလား။'

"ဘာ။ ယွီဝမ်ထုန်နဲ့စေ့စပ်ထားတဲ့လူ ဟုတ်လား။ အဲ့ဒီတစ်ယောက်အတွက်နဲ့ ယွီဝမ်ထုန်ကထန်းယန်မှာ တစ်လလောက်နေခဲ့တာမဟုတ်လား။ သူက ယောက်ျားတစ်ယောက်လို့လည်း ငါကြားတယ်။ ဟ၊ ဒါကသတင်းအသစ်ပဲ။ ဘုရင်ဘွဲ့ရထားတဲ့ငါက ဒီလူဘယ်လောက်ညှို့အားကောင်းလို့ ယွီဝမ်ထုန်ကိုဆွဲဆောင်ထားနိုင်တာလဲဆိုတာ ကြည့်ဦးမယ်။ ငါသာ ဒီကိစ္စကို အစောကြီးထဲကသိထားရင် ဘာလို့စစ်တိုက်နေဦးမလဲ။ ယွီဝမ်ထုန်ကိုပြုစုဖို့ ခပ်ချောချောကောင်လေးတစ်ယောက်လောက် ပို့လိုက်ရင် ငါတို့ဘာမှတောင်မကုန်ကျဘဲ သေချာပေါက်အနိုင်ရမှာ။ ဘုရားရေ၊ အကဲခတ် မှားသွားပြီ။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now